မြန်မာ့အရေးပြေလည်ဖို့ တိတ်တဆိတ်ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှားပြော
2023.05.05

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေးပြေလည်ဖို့အတွက် ပဋိပက္ခတွေမှာ အဓိက ပါဝင်နေသူတွေနဲ့ရော မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေနဲ့ပါ တိတ်တဆိတ်ဆွေးနွေးညှိနှိုင်းနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ သံတမန်တွေဟာ မြန်မာနိုင်ငံ အကျပ်အတည်း ပြေလည်ဖို့အတွက်၊ သက်ဆိုင်သူတွေနဲ့ အကြိမ် ၆၀ ကျော် ဆွေးနွေးခဲ့တဲ့အကြောင်း ရက်တနိုမာဆူဒီက ရိုက်တာသတင်းဌာနကို သီးသန့် ပြောဆိုတယ်လို့ သတင်းမှာဖော်ပြပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေပါတယ်လို့ သူကပြောပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါ သက်ဆိုင်သူအားလုံးရဲ့ ယုံကြည်မှုရဖို့ အလွန်အရေးကြီးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ အင်ဒိုနီးရှားအနေနဲ့ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ခြိမ်းခြောက်ဖိအားပေးတာတွေ စွက်ဖက်တာတွေမပါတဲ့ သံခင်းတမန်ခင်း နည်းလမ်းမျိုးကို အသုံးပြုပြီး သက်ဆိုင်သူအားလုံးနဲ့ ယုံကြည်မှု တည်ဆောက် နေပါတယ်လို့လည်း ရက်တနို မာဆူဒီကပြောပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်မရှိဘူး ဆိုတဲ့ဝေဖန်မှုတွေအတွက် တရားဝင်ထုတ်ပြန်တာမရှိဘဲ၊ သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းတဲ့နည်းဗျူဟာကို ကျင့်သုံးနေတာဟာ ဘာမှမလုပ်တဲ့ သဘောမဟုတ်ပဲ၊ ပြီးခဲ့တဲ့လေးလအတွင်း အင်ဒိုနီးရှားအနေနဲ့ ဆောင်ရွက်ခဲ့တာတွေ အများကြီးရှိပါတယ်လို့လည်း သူကပြောပါတယ်။
အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံပဋိပက္ခမှာပါတဲ့ သက်ဆိုင်တဲ့သူအားလုံးကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းရောက်လာပြီး၊ ပြီးခဲ့တဲ့နှစ်နှစ်က မြန်မာစစ်ခေါင်းဆောင်နဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည် ပေါ်လာအောင် တွန်းအားပေးဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလိုပြောတာနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်လာတာ မရှိဘူးလို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တာဝန်ရှိသူတစ်ဦးကတော့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ ကြိုးစားနေတဲ့ အာဆီယံဥက္ကဋ္ဌနဲ့ သူတို့ ပူးပေါင်းဆောင်ရွက် နေပါတယ်လို့ပြောပါတယ်။