အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲ NUG တက်ရောက်

RFA Burmese
2024.10.04
အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲ NUG တက်ရောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ခဲ့သည့် NUG နိုင်ငံခြားရေးရုံးဖွင့်ပွဲတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း (ဝဲမှယာ) တို့အား တွေ့ရစဉ်။
ဓာတ်ပုံ - NUG နိုင်ငံခြားရေးဝန်ကြီးဌာန

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ မြန်မာ့အရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန် အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း တက်ရောက်မယ်လို့ ရိုက်တာသတင်းတစ်ပုဒ်က အောက်တိုဘာ ၄ ရက်နေ့က ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို NUG ဘက်က တက်ရောက်မယ့်အကြောင်း သံတမန်သတင်းရင်းမြစ်တစ်ချို့က ရိုက်တာကို အတည်ပြုပြောပေမဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ တက်ရောက်မယ့်သူ အသေးစိတ်ကိုတော့ မပြောဘူးလို့ ဆိုပါတယ်။

NUG ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြောင်းလည်း ရိုက်တာက ရေးသားထားပါတယ်။

ဂျာကာတာမြို့က ဒီမြန်မာ့အရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကို RFA က မေးမြန်းရာမှာ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး လောလောဆယ် သီးခြားမှတ်ချက်ပေးဖို့ မရှိသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ မြန်မာအတိုက်အခံအင်အားစုတွေ တက်ရောက်နေပြီး အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမဲ့ အာဆီယံညီလာခံမတိုင်ခင် မြန်မာ့အရေးဆွေးနွေးပွဲ ပြုလုပ်တာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။