မုန်တိုင်းသင့်ပြည်သူတွေအတွက် ဒေါ်လာငါးသိန်းကျော် အင်ဒိုနီးရှား ထောက်ပံ့

RFA Burmese
2023.06.26
မုန်တိုင်းသင့်ပြည်သူတွေအတွက် ဒေါ်လာငါးသိန်းကျော် အင်ဒိုနီးရှား ထောက်ပံ့ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအား ၂ဝ၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။
RFA

မိုခါဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အင်ဒိုနီးရှားအစိုးရက ဇွန်လ ၂၆ ရက်နေ့က ထပ်မံပေးပို့လိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ငါးသိန်းကျော်တန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရန်ကုန်လေဆိပ်ကို ပို့လိုက်ပြီလို့ အင်ဒိုနီးရှားအစိုးရပိုင်သတင်းဌာနက ကြေညာပါတယ်။

မိုးဒဏ်ခံတဲ့ တာပေါ်လင်စတွေ၊ ရွက်ဖျင်တဲတွေ၊ အသင့်စား အစားအစာတွေ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ၊ တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ၊ စောင်တွေ၊ မွေ့ယာတွေနဲ့ မီးစက်တွေပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တရားဝင် အကူအညီတောင်းခံလာတဲ့အတွက် သမ္မတဂျိုကိုဝီဒိုဒိုရဲ့ ညွှန်ကြားချက်နဲ့ ဒီပစ္စည်းတွေကို ပေးပို့ခဲ့တာလို့ အင်ဒိုနီးရှားရဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ကူညီရေးဌာန အကြီးအကဲက ပြောပါတယ်။ 

မြန်မာနိုင်ငံက လူပေါင်း ၁.၂ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ၇ဝ ရာခိုင်နှုန်းကျော်ဟာ ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မုန်တိုင်းသင့်ပြည်သူတွေဆီ တိုက်ရိုက်သွားရောက်ကူညီခွင့် ပိတ်ထားပါတယ်။

ဒါကြောင့် မုန်တိုင်းဒဏ်ခံစားခဲ့ရသူအများစု အကူအညီအထောက်အပံ့တွေ မရကြသေးဘဲ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။