မြန်မာအတိုက်အခံအင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမည်

RFA Burmese
2024.10.03
မြန်မာအတိုက်အခံအင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမည် ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးခဲ့ကြစဉ်။
Photo: AFP

မြန်မာ့အရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန်အစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မနက်ဖြန် သောကြာနဲ့ စနေမှာ ကျင်းပမယ်လို့ အမည်မဖော်လိုတဲ့ ထိပ်တန်းသံအရာရှိတစ်ယောက်ရဲ့ ပြောစကားကို ကိုးကားပြီး AFP သတင်းမှာ အောက်တိုဘာလ ၃ ရက် မွန်းလွဲပိုင်းက ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေအပြင် မြန်မာအတိုက်အခံအင်အားစုတွေ ပါဝင်မှာ ဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ကိုယ်စားလှယ် ပါမယ်လို့တော့ မျှော်လင့်မထားဘူးလို့ အဲဒီသံတမန်က ပြောပါတယ်။ လာအိုနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမဲ့ အာဆီယံညီလာခံမတိုင်ခင် ပြုလုပ်တာလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာ့အရေးပြေလည်ဖို့အတွက် အာဆီယံဦးဆောင်ပြီး သံတမန်နည်းအရ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမဲ့တိုးတက်မှု နည်းနည်းပဲ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ အာဆီယံရဲ့ထိပ်တန်းအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

အရင်ဆွေးနွေးပွဲတွေမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့အရေးယူမှုတွေဆောင်ရွက်ဖို့ ပြောဆိုတာတွေရှိခဲ့ပေမဲ့ ထိုင်းနိုင်ငံကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ နှစ်နိုင်ငံချင်း တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။