စစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ အင်ဒိုနီးရှားကုမ္ပဏီတွေ တိုင်တန်းခံရ
2023.10.02
အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ သုံးခုကနေ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာတွေ ရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားအစိုးရပိုင် PT Pindad၊ PT PAL နဲ့ PT Dirgantara လို့ခေါ်တဲ့ ကုမ္ပဏီသုံးခုကနေ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို လက်နက်ရောင်းချတာတွေရှိခဲ့ပြီး ပစ္စတိုသေနတ်၊ ရိုင်ဖယ် ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးသုံးယာဉ်တွေကို အရောင်းမြှင့်တင်ခဲ့တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ မနေ့ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်နဲ့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) အဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဦးထူးထူးရှိန်ဦးပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ True North Company Limited ကနေ ကြားပွဲစားလုပ်ပြီး အဲဒီအင်ဒိုနီးရှားကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတာလို့ ဆိုထားပါတယ်။
အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်က ဒီကုမ္ပဏီတွေဟာ အစိုးရထိန်းချုပ်မှုအောက်မှာ ရှိတာကြောင့် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ရတာဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးနဲ့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကာကွယ်ရေးပစ္စည်းတွေ အရောင်းမြှင့်တာဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို လိုက်နာလားဆိုတာ အင်ဒိုနီးရှားအစိုးရကို သံသယဖြစ်စေတယ်လို့ ပြောထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရဘက်နဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုတော့ RFA က မေးမြန်းလို့မရသေးပါဘူး။ အသေးစိတ်သိနိုင်ဖို့ တိုင်ကြားတဲ့အထဲမှာပါတဲ့ MAP အဖွဲ့နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့တို့ကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လတ်တလော ပြန်ဖြေတာမရှိသေးပါဘူး။
အင်ဒိုနီးရှားက စစ်ကောင်စီကို လက်နက်တွေတိုးမြှင့်ရောင်းနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲမှာပါတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဆိုတဲ့အချက်အတိုင်း စစ်ကောင်စီကို လက်နက်ရောင်းချတာတွေကို တားဆီးသင့်တယ်လို့ဆိုပါတယ်။
"အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရရှိဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောက်လျှောက် လုပ်လာတာ ဒီနေ့အထိပါ၊ အင်ဒိုနီးရှားအစိုးရအနေနဲ့ NUG အစိုးရအပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ် အင်ဒိုနီးရှား ကုမ္ပဏီတွေက မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာရှိတယ်ဆိုတဲ့သတင်းတွေ ထွက်လာတာကို အင်ဒိုနီးရှားအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး အဲ့လိုမဖြစ်အောင် တားဆီးပိတ်ပင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်"
စစ်ကောင်စီကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချခဲ့တဲ့ စင်ကာပူကုမ္ပဏီတွေကိုလည်း စင်ကာပူနိုင်ငံမှာ မကြာသေးခင်က အရေးယူခဲ့တာရှိသလို အင်ဒိုနီးရှားကုမ္ပဏီတွေလည်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ ရှိ၊ မရှိ အင်ဒိုနီးရှားနိုင်ငံက စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ယုံကြည်ကြောင်းလည်း ဦးကျော်ဇော်က ပြောပါတယ်။
အင်ဒိုနီးရှား ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြားခံပွဲစားလုပ်နေတယ်ဆိုတဲ့ True North ကုမ္ပဏီပိုင်ရှင် ဦးထူးထူးရှိန်ဦးဟာ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့တာခံထားရတဲ့ စစ်ကောင်စီဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ရဲ့ သားဖြစ်တယ်လို့လည်း ဆိုပါတယ်။