ရွေးကောက်ပွဲ မပြိုင်ရပဲ အမတ်ဖြစ်သွားသူစာရင်း ကြေညာ

မြန်မာစစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ခိုင်ရေးပါတီ နဲ့ အဲဒီပါတီရဲ့ မိတ်ဖက်ပါတီလို့ ယုံကြည်နေကြတဲ့ တိုင်းရင်းသားပါတီ တချို့ကနေ အလိုအလျောက် အမတ်ဖြစ်သွားသူ ၅၇ ဦးကို တနင်္ဂနွေနေ့ က ပထမဦးဆုံး ကြေညာလိုက်ပါတယ်။

2010.11.08
election_vote_count_305_z.png မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတခုမှ တာဝန်ရှိသူများ မဲရေတွက်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီအထဲက လွှတ်တော်သုံးရပ်မှာပါဝင်တဲ့ အမတ် ၅၅ ယောက်ဟာ ပြိုင်ဖက် မရှိပဲ အလိုအလျောက် အနိုင်ရရှိတာ ဖြစ်ပြီး ကျန် ၂ ဦးကတော့ ယှဉ်ပြိုင်ပြီးမှ အနိုင်ရတာလို့ ဆိုပါတယ်။

အဲဒီအထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းလို လက်ရှိ စစ်အစိုးရ ဝန်ကြီးတချို့ အပါအဝင် ကြံ့ခိုင်ရေး ပါတီက အမတ် ၄၁ ဦး ၊ ပအို့ဝ် အမျိုးသားအဖွဲ့အစည်း PNO ၊ ကယန်း ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေးပါတီနဲ့ တအောင်း ခေါ် ပလောင်အမျိုးသားပါတီ TNP ပါတီ နဲ့ ဝ အမျိုးသား ညီညွတ်ရေးပါတီ WNUP တို့က ၁၆ နေရာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF က မျှော်မှန်းထားသလောက် အနိုင်ရမယ်လို့ ယုံကြည်နေတဲ့အကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ရန်ကုန် နဲ့ မန္တလေးမြို့တွေဖက်က အနေအထားကို အဓိကထားပြီး RFA ကို ပြောပါတယ်။

“ရန်ကုန်က အနေအထားကတော့ အခု ကျွန်တော်တို့ သိသလောက် ဆိုလို့ရှိရင် ကျွန်တော်တို့ဖက်က အခြေအနေ ကောင်းတယ်။ ရေတွက်ထားတဲ့ မဲရုံတွေ သူတို့ဆီကို ရောက်လာတဲ့ဟာအရ ၁၅ မြို့နယ်လောက်ကတော့ ကျွန်တော်တို့က ဟိုဟာ နိုင်ပါတယ်။ အဲ တနေရာက ရှုံးတယ်၊ နောက်တနေရာကတော့ မရှင်းမလင်း ဖြစ်နေသေးတယ်၊ ဥပမာ တောင်ဥက္ကလာဆိုလို့ ရှိရင်။ သူတို့က ကြိုတင်မဲတွေက နေပြည်တော်တံဆိပ်နဲ့ ရောက်လာတာတို့ ဘာတို့ပေါ့ဗျာ။ အဲဒါကို ဦးအောင်သိန်းလင်းက အဲဒီ အထုပ်ကြီးကို အိမ်ယူသွားတယ်တို့ ဘာတို့ အဲလိုတွေ ကျွန်တော်တို့ ကြားရတယ်။ ပြီးတော့မှ ဟိုကနေ ဖုန်းဆက်တယ်၊ ဘယ်လောက်ပယ်လိုက်တို့ ဘာတို့။ အဲလိုဟာမျိုးတွေ ဆိုတော့ ကျွန်တော်တို့က ဒါတွေကို သေသေချာချာ လေ့လာပြီးတော့ ဒါကို ကျွန်တော်တို့ လိုအပ်ရင်တော့ ကန့်ကွက်မှာပေါ့ဗျာ။ မန္တလေးမှာလည်းပဲ ကျွန်တော်တို့ ၅ နေရာလောက်ကတော့ သိနေပြီပေါ့ဗျာ။ ကျွန်တော်တို့ နိုင်ဖို့ ရှိပါတယ်။”

အခုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူပေါင်း ၂၉ သန်း၊ မဲရုံပေါင်း ၆ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နေရာအတော်များများမှာ မဲလာပေးသူ အရေးအတွက် အလွန်နည်းပါးတယ်လို့ သိရပါတယ်။ စုစုပေါင်း တသီးပုဂ္ဂလ အမတ်လောင်း ၈၂ ဦးအပါအဝင် နိုင်ငံရေးပါတီ ၃၇ ပါတီက အမတ်လောင်း ၃ ထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။