မုန်းမြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

RFA Burmese
2023.09.15
မုန်းမြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် မော်တော်ဆိုင်ကယ်အချို့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၂ ရက် အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ စက်တင်ဘာလ ၁၄ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ပထမနှစ်ပတ်အတွင်း မုန်းမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ်အတွင်းမှာ အရပ်သား နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် အရပ်သားတွေနေထိုင်တဲ့ ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ၁၉ ကြိမ် ပစ်ခတ်မှုအတွင်းမှာလည်း အရပ်သား သုံးဦး ဒဏ်ရာရခဲ့တာပါ။

ဒီရက်ပိုင်းတွေမှာပဲ မုန်းမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သားတွေရဲ့ နေအိမ် ငါးလုံး၊ စပါးကျီ နှစ်လုံး၊ နွားတဲ နှစ်လုံးနဲ့ ဆိုင်ကယ်လေးစီး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ရွာတွေအတွင်း ဆက်လက်တပ်စွဲထားတယ်လို့လည်း KNU က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာတော့ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တချို့ KNLA ပူးပေါင်းတပ်တွေ ဝင်လာကြောင်း သတင်းရတဲ့အတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေပြီး လက်ရှိမှာလည်း တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ RFA ကို ပြောထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ရှစ်လအတွင်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းက ဒေသခံ တစ်သိန်းကျော် (၁၁၁,၀၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။