ဖားကန့်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရ
2023.10.02
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်က ရဲစခန်းကုန်း တိုက်ခိုက်ခံရပြီး နောက် စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ကလေး တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက စက်တင်ဘာလ ၃၀ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရဲစခန်းကုန်းကို တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက် ၆၀ မမ လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တာမှာ စန်းသီတာကုန်းရပ်ကွက်မှာရှိတဲ့ လူနေအိမ် တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ မိသားစုဝင် သုံးဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေဟာ ဖားကန့်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တပ်ကနေ ပစ်တာ အိမ်ပေါ်ကိုကျပြီး အထဲမှာရှိနေတဲ့ သုံးယောက်လုံး ဒဏ်ရာရတာ။ အမျိုးသား တစ်ဦးကတော့ ခုနစ်နေရာလောက်ကို မိုင်းစတွေ ဝင်သွားတယ်။ ဆိုင်းတောင်က ဘယ်ဆေးခန်းတွေကမှ လက်မခံရဲတာကြောင့် ဖားကန့်ဆေးရုံကြီးမှာ ပို့ထားတယ်။ အခုတော့ သက်သာတယ်လို့ ကြားတယ်။ ဒဏ်ရာများသွားတဲ့တစ်ယောက်ကို မိုင်းစတွေ မခွဲစိတ်ထုတ်ရသေးဘူးတဲ့"
အသက် ၃၃ နှစ်အရွယ် အမျိုးသား၊ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးတို့ ဦးခေါင်း၊ ပေါင်၊ ကျောပြင်နဲ့ လက်မောင်းတွေမှာ ဒဏ်ရာရှိခဲ့တာပါ။ ဒဏ်ရာရသူတွေရဲ့အမည်ကိုတော့ မသိရသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရ ဒီတိုက်ပွဲတွေကြောင့် အရပ်သား ၂၆,၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။