စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဆက်စပ်တဲ့ အင်းလေးက ဟိုတယ်တွေကို သပိတ်မှောက်ဖို့ တိုက်တွန်းနေ
2023.09.30
ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီမိသားစုဝင်တွေနဲ့ စစ်တပ်ကို ထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို သပိတ်မှောက်ဖို့ ဒေသခံလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အင်းလေးလူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်နေပါတယ်။
ဘုရားဖူးဧည့်သည်တွေဆီက စစ်ကောင်စီရတဲ့ ဝင်ငွေတွေဟာ သွေးစွန်းငွေတွေဖြစ်သွားမှာလို့ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) ရဲ့ အတွင်းရေးမှူး မကြိုးကြာက ပြောပါတယ်။
“အခုအချိန်မှာ စစ်တပ်ကနေ အာဏာသိမ်းထားတဲ့အတွက် ကျွန်မတို့အနေနဲ့ စစ်တပ်ကို မထောက်ခံသလို စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူမျှန်သမျှကိုလည်း တိုက်ထုတ်သွားမှာ ဖြစ်တဲ့အတွက် စစ်တပ်မိသားစုပိုင်၊ စစ်တပ်ထောက်ခံတဲ့ဟိုတယ်တွေကို ဆန့်ကျင်ရခြင်း ဖြစ်ပါတယ်။ ဒီဘုရားပွဲကိုလာရင်းနဲ့ တည်းမယ့်ဧည့်သည်တွေရဲ့ ဟိုတယ်ခတွေဟာ စစ်တပ်မိသားစုပိုင် စစ်တပ်ထောက်ခံတဲ့ဟိုတယ်တွေကတစ်ဆင့် လက်နက်တွေ ကျည်ဆန်တွေကို ပြန်လည်စီးဆင်းမယ့် သွေးစွန်းငွေတွေ ဖြစ်တဲ့အတွက် ဆန့်ကျင်ရတာ ဖြစ်ပါတယ်”
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို စစ်ကောင်စီက သီတင်းကျွတ်လဆန်း ၁ ရက်နေ့က သီတင်းကျွတ်လပြည့်ကျော်သုံးရက်နေ့အထိ ၁၈ ရက်ကြာ ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
အင်းလေးဒေသမှာ စစ်ကောင်စီမိသားစုပိုင်နဲ့ စစ်ကောင်စီထောက်ခံတဲ့ ဟိုတယ် စုစုပေါင်း ၁၇ ခု ရှိပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိသားစုပိုင် လုပ်ငန်းတွေမှာ စီးပွားရေးအကြံပေးလုပ်ဆောင်နေတဲ့ ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်တဲ့ Ananta Inlay ၊ Paramount Inle Resort ၊ Hotel Amazing Nyaung Shwe ၊ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့သမီး ပိုင်ဆိုင်တဲ့ Myat Mingalar ၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးရဲ့ KMA Inle ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း သမီးရဲ့ Royal Nyaung Shwe ၊ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ရဲ့ Aureum Palace Hotel & Resort နဲ့ Myanmar Treasure Resort အစရှိတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ကျင်းပဖို့အတွက် အတင်းအကျပ် ဖိအားပေးစီစဉ်နေတာလို့ အင်းလေးလူထုလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောပါတယ်။
ဘာသာရေးပွဲတော်ကို အကြောင်းပြပြီး ပြည်နယ် ငြိမ်းချမ်းနေတယ်လို့ ပုံဖော်ဖို့ကြိုးစားနေပေမဲ့ အင်းလေးအနီး မိုးဗြဲ-ဖယ်ခုံဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဘုရားပွဲတော်ကို ကန့်ကွက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ကိုဗစ် ၁၉ ကာလကတည်းက ရပ်တန့်ထားရာကနေ စစ်ကောင်စီက အခုပြန်လည်ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။