အင်းလေးဟိုတယ်ဇုန် တောင်သူ ၇ ဦးအမှု ကလောမှာရုံးထုတ်
2013.04.11
အင်းလေးဟိုတယ်ဇုန် စီမံကိန်းကို ကန့်ကွက်တားဆီးခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ တောင်သူ ၇ ဦးရဲ့အမှုကို ဒီကနေ့ မနက် ၁၁ နာရီကျော်က ကလောမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
အင်းလေးဟိုတယ်ဇုန်စီမံကိန်းကို ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့အတွက် ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲဆိုခဲ့တာဖြစ်ပြီး မူလ ညောင်ရွှေတရားရုံးကနေ တောင်ကြီးခရိုင် တရားရုံးကို ပြောင်းရွှေ့ စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် လုံခြုံရေးအကြောင်းပြချက်နဲ့ ကလောမြို့နယ်တရားရုံးမှာ ထပ်မံ ပြောင်းရွှေ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အင်းလေးဒေသ ဟိုတယ်ဇုန်တည်ဆောက်ဖို့အတွက် မဲစနစ်နဲ့ မြေနေရာချပေးတဲ့ အခမ်းအနားကို တောင်ကြီးမြို့မှာ ကျင်းပချိန်မှာ အင်းလေး တောင်သူ တွေကို တောင်ကြီးမြို့မှာ မရှိစေချင်တာကြောင့် ကလောတရားရုံးကို ပြောင်းရွေ့စစ် ဆေးတာဖြစ်နိုင်တယ်လို့ တရားစွဲဆိုခံထားရတဲ့ တောင်သူကိုသိန်းထွန်းဦးက RFA ကို ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ တောင်ကြီးခရိုင်တရားရုံးကချမှတ်ခဲ့တဲ့ တရားရုံးပြောင်းရွှေ့စစ်ဆေးမိန့်ကို ဧပြီလ ၃ ရက်နေ့မှာ ပြင်ဆင်ခွင့် အယူခံတင်ခဲ့ပေမယ့် ရံှုးနိမ့်ခဲ့တဲ့အတွက် ကလောမြို့နယ်တရားရုံးကို ပြောင်းရွှေ့စစ်ဆေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။