အင်းစိန်အကျဉ်းထောင်အနီး ဗုံးပေါက်ကွဲ
2023.03.24
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမအလယ်ရပ်ကွက် အင်းစိန်အကျဉ်းထောင် အနောက်ဘက်ဂိတ်အနီးမှာ မတ်လ ၂၄ ရက် ဒီကနေ့ မနက် ၁၁ နာရီခွဲက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အင်းစိန်ဒေသခံတွေက RFA ကိုပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတော့ မရှိဘူးလို့ အဲဒီနားနေထိုင်သူ တစ်ဦးက RFA ကိုပြောပါတယ်။
“ပေါက်တာက အသံအကျယ်ကြီး တစ်ချက်ပဲကြားပါတယ်။ အထဲက ပြန်ပစ်တာတော့ရှိတယ်။ အဲဒီလို ပေါက်သွားပြီးတော့လေ။ ထိခိုက်ပျက်စီးတာတော့ မတွေ့ရဘူး။ ပေါက်ကွဲမှု ဖြစ်တာကလည်း ဂိတ်အနားလေးမှာပဲ။ ဂိတ်အပြင် အဆောက်အအုံတွေကို သံဇကာတွေ ကာထားတယ် အဲဒီကာထားတဲ့ နေရာမှာဖြစ်တာ”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးခဲ့တာရှိတယ်လို့ အင်းစိန်ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသလို ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က အင်းစိန်ထောင်ဝင်စာဌာနမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် စုစုပေါင်း ရှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။