အာဆီယံ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှု နိုင်ငံတကာရှုတ်ချ

ရဲခေါင်မြင့်မောင်(၀ါရှင်တန်ဒီစီ)
2023.05.09
အာဆီယံ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှု နိုင်ငံတကာရှုတ်ချ ၂၀၂၃ ၊ မေလ ၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ Labuan Bajoမှာ ကျင်းပသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။
AFP

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ မေလ ၇ ရက်နေ့က အာဆီယံသံတမန်တွေ လိုက်ပါလာတဲ့ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပက်သက်လို့ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ အမေရိကန်နိုင်ငံတွေက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဒီလိုတိုက်ခိုက်မှုဖြစ်တာဟာ အာဆီယံအနေနဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ အချိန်တန်ပြီဆိုတာ ပြလိုက်တာပဲလို့ ပြောပါတယ်။

စင်ကာပူနဲ့ အင်ဒိုနီးရှားက သံအရာရှိတွေလိုက်ပါလာတဲ့ အာဆီယံလူသားချင်း စာနာမှုအကူအညီပေးရေး AHA Center ရဲ့ ယာဉ်တန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်၊ ဆီဆိုင်- ဆိုက်ခေါင်လမ်းပေါ်မှာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ပစ်ခတ်ခံခဲ့ရပါတယ်။

အခုလို AHA Center ရဲ့ ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ရှုတ်ချတဲ့အကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

“စင်ကာပူ နိုင်ငံအနေနဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုအကူအညီပေးရေး လုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့အကူအညီပေးရေး ဝန်ထမ်းတွေနဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးက အလွန်အရေးကြီးပါတယ်။ သက်ဆိုင်သူ အားလုံးအနေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေနဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်ကြဖို့ စင်ကာပူနိုင်ငံက တိုက်တွန်းပါတယ်။ အရေးပါတဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာမှသာ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါလိမ့်မယ်” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

000_33EN9QA.jpg
(၂၀၂၃ ၊ မေလ ၉ ရက်နေ့တွင် Labuan Bajo တွင်ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးမတိုင်မီ အင်ဒိုနီးရှားအထူး လေတပ်မှဝန်ထမ်းများသည် ကိုမိုဒို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ကြပ်စဉ်။ Photo:AFP)

ပစ်ခတ်ခံခဲ့ရတဲ့ ယာဉ်တန်းထဲမှာပါတဲ့ ရန်ကုန်မြို့ စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးဟာ အခုအချိန်မှာ ဘေးကင်းစွာနဲ့ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိနေပြီလို့ ပြောပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးကျင်းပဖို့ အင်ဒိုနီးရှားအရှေ့ပိုင်း နူဆာတန်ဂါရာကျွန်းကို ရောက်နေတဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံမှာ အာဆီယံရဲ့ အကူအညီပေးရေးလုပ်ငန်းတွေ စတင်တော့မယ့်အချိန်မှာ အခုလိုတိုက်ခိုက်မှုဖြစ်တာ စိတ်ပျက်စရာပဲလို့ မေလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မနေ့က AHA Center နဲ့ အာဆီယံရဲ့ စောင့်ကြည့်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီတွေ ပို့ဆောင်တာ စလုပ်တော့မယ့် အချိန်မှာ အခုလို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်သွားတာ စိတ်ပျက်စရာပါပဲ။ အင်အားသုံးတာတွေ၊ အကြမ်းဖက်တိုက်ခိုက်တာတွေ အားလုံးကို ရပ်တန်းက ရပ်ပါလို့ ပြောချင်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေပဲ ထိခိုက်နစ်နာမှာပါ။ ဒီအခြေအနေမှာ ဘယ်သူမှအနိုင်မရ နိုင်ပါဘူး။ ကျွန်တော်တို့ အားလုံး စေ့စပ်ဆွေးနွေးရေးစားပွဲမှာ ဝိုင်းထိုင်ပြီး၊ အဖြေရှာလို့ရမယ့် အခြေအနေဖြစ်အောင် ဖန်တီးကြဖို့ တိုက်တွန်းချင်ပါတယ်။” လို့ သမ္မတဂျိုကိုဝီဒိုဒိုက ပြောသွားတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အင်ဒိုနီးရှားနဲ့အာဆီယံတို့ရဲ့ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်သွားမှာ မဟုတ်တဲ့အကြောင်းလည်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသွားတဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

အာဆီယံ AHA Center ယာဉ်တန်းဟာ စစ်တပ် အစောင့်အရှောက်တွေပါပေမယ့် အမည်မသိတိုက်ခိုက်သူတွေရဲ့ ပစ်ခတ်မှုခံခဲ့ရတာအတွက် အလွန်ပဲ စိုးရိမ်ပူပန်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မေလ ၈ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

“အာဆီယံထိပ်သီး အစည်းအဝေး မစခင်မှာ ရှမ်းပြည်နယ်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဟာ စစ်ကောင်စီရဲ့ အာဆီယံ ဘုံသဘောတူချက် တွေကို လျစ်လျူရှုပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာနဲ့ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေတွေကြောင့် မြေပြင်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။” လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပြီး၊ စစ်အာဏာရှင် လက်အောက်မှာ နောက်တစ်ရက်မှ ထပ်မနေချင်တော့တဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို လေးစားဖို့ အမေရိကန်နိုင်ငံက တောင်းဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ သံတမန်တွေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ အပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေတွေကို လိုက်နာဖို့ လိုပါတယ်။” လို့လည်း ကြေညာချက်က ဆိုပါတယ်။

အခုလို အာဆီယံ သံတမန်တွေပါလာတဲ့ ယာဉ်တန်းကို ပစ်ခတ်မှု ဖြစ်ပွားတာဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေ အလုပ်မဖြစ်တာကို ပြသနေတာလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာညွှန်ကြားရေးမှုး Phil Robertson က ပြောပါတယ်။

“အခုလို အာဆီယံ သံတမန်တွေပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံလိုက်ရတာဟာ နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားနေတဲ့ အကြမ်းဖက်ပဋိပက္ခတွေ အကြားမှာ လူသားချင်းစာနာမှုအကူအညီပေးဖို့ ကြိုးစားနေတာဟာ အလုပ်မဖြစ်တဲ့အကြောင်း အာဆီယံအဖွဲ့အတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အာဆီယံကို ပေးထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ခဲ့တဲ့နောက်၊ အာဆီယံဟာ လူသားချင်းစာနာမှု အကူအညီပေးတာကို မြန်မာနိုင်ငံမှာအဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် အလုပ်အဖြစ်နဲ့ ဆက်ထားဖို့ ကြိုးစားနေခဲ့ပါတယ်။ အမှန်က အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် ဖိအားပေးတဲ့ နည်းလမ်းတွေသုံးပြီး၊ စေ့စပ်ညှိနိုင်းဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာအောင် ခေါ်ယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အာဆီယံဟာ မိတ်ဖက်နိုင်ငံတွေထဲက အခြား သဘောထားချင်းတူတဲ့ အစိုးရတွေနဲ့ ပူးပေါင်းပြီး၊ မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ဖြတ်တောက်တာ၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တာ နဲ့ အာဆီယံကိုယ်တိုင် ချမှတ်ထားတဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်အရ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင် ထိတွေ့ဆက်ဆံမှုလုပ်တာတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒီလို လုပ်ရပ်မျိုးကသာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အာဆီယံကို မထီမဲ့မြင် ပြုတာကြောင့် ပြင်းထန်တဲ့ ရလဒ်တွေ ကြုံရမယ်ဆိုတာကို သဘောပေါက်သွားပါလိမ့်မယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မေလ ၇ ရက်နေ့က တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး၊ ဒီတိုက်ခိုက်မှုကို ပြုလုပ်ဖို့ NUG ကဖြစ်စေ၊ မိတ်ဖက်အဖွဲ့အစည်းတွေက ဖြစ်စေ အမိန့်ပေးစေခိုင်းတာ မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ NUG ရဲ့ တော်လှန်ရေးအခြေခံမူတွေနဲ့ လုံးဝဆန့်ကျင်နေပြီး တရားဥပဒေစိုးမိုးရေးအတွက် ဂျီနီဗာကွန်းဗန်းရှင်းအပါအဝင် နိုင်ငံတကာဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာတော့ မေလ ၇ ရက်နေ့က လက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ “အကြမ်းဖက်သမားတွေ”ဟာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေပေးပို့နေတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပြုတဲ့ အာဆီယံထိပ်သီးအစည်းအဝေး မစတင်ခင် ရက်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့အစည်းကမှ သူတို့ ပြုလုပ်ခဲ့တာဖြစ်တဲ့အကြောင်း ထုတ်ပြန်လာတာ မရှိသေးပါဘူး။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။