နိုင်ငံတကာအမျိုးသမီးသတ္တိဆုရှင် ဆုပေးပွဲ အိမ်ဖြူတော်မှာ ကျင်းပ
2024.03.05
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီးသတ္တိဆုရှင် ဆုပေးပွဲအခမ်းအနားကို မတ်လ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က သမ္မတအိမ်ဖြူတော်မှာ ကျင်းပခဲ့ပါတယ်။
ဆုရရှိသူတွေထဲမှာ မြန်မာနိုင်ငံက ရှေ့နေ ဒေါ်မဉ္ဇူဝင်း ပါဝင်ပြီး သူဟာ ပြည်တွင်းမှာ အကူအညီလိုအပ်နေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ မသန်စွမ်းတွေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့ LGBT အသိုင်းအဝိုင်းအတွက် အခြေခံလူ့အခွင့်အရေးတွေ ရဖို့၊ တရားမျှတမှုရဖို့ ဥပဒေကြောင်းအရ ကူညီနေသူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ကျူးဘား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လားရုစ်၊ ဂမ်ဘီယာ၊ အီကွေဒေါ၊ ဂျပန်၊ ဘော့်စနီးယား၊ ယူဂန်ဒါ၊ မော်ရိုကို စတဲ့ နိုင်ငံတွေက အမျိုးသမီး ၁၂ဦးကို အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့က ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
သမ္မတကတော် ဂျေးဘိုင်ဒန်က ဒီဆုချီးမြှင့်ခံရတဲ့ အမျိုးသမီးတွေဟာ အကြောက်တရားနဲ့ အန္တရာယ်ကိုရင်ဆိုင်နေရသူတွေအတွက်နဲ့ သူတို့ကိုယ်တိုင်အတွက် နှုတ်ဆိတ်မနေဘဲ ထုတ်ဖော်ပြောဆိုခဲ့ကြသူတွေဖြစ်ကြောင်း၊ အမျိုးသမီးတွေရဲ့အသံတွေ စုစည်းလိုက်တဲ့အခါ အင်အားဖြစ်စေပြီး အချင်းချင်းစိတ်ခွန်အားမျှဝေကာ အကူအညီဖြစ်စေကြောင်း၊ အမျိုးသမီးတွေဟာ တရားမျှတမှုတွေကို ရှာဖွေသူတွေ၊ လွတ်လပ်မှုကို ကာကွယ်သူတွေ ဖြစ်ပြီး၊ အာဏာရှင်နဲ့ ဖိနှိပ်မှုတွေကို ဖြိုခွဲတွန်းလှန်နိုင်သူတွေဖြစ်ကြောင်း ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ပိုမိုကောင်းမွန်တဲ့ တည်ငြိမ်ရေး၊ တန်းတူညီမျှရေးနဲ့ အခွင့်အလမ်းကောင်းတွေကို သတ္တိရှိရှိ လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ကြောင်း၊ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ် အတားအဆီးဖြစ်စေတဲ့ အရာမှန်သမျှကို တွန်းလှန်ဖို့ ကတိပြုကြောင်း ပြောခဲ့ပါတယ်။
ဆုရရှိသူတွေထဲမှာ ကျူးဘားနိုင်ငံက လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်အတွက် ဦးဆောင်လှုပ်ရှားသူ အမျိုးသမီး မတက်ရောက်နိုင်ခဲ့ပါဘူး။
နိုင်ငံတစ်ဝန်းက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ကျားမ တန်းတူညီမျှရေး ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ် ရွေးချယ်ပြီး ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။