မြန်မာ့ ရွေးကောက်ပွဲကို နိုင်ငံတကာ ဝေဖန်ပြောဆို

မြန်မာစစ်အစိုးရ ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်၊ သြစတြေလျ၊ ဖိလစ်ပိုင်နဲ့ ဂျပန် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝေဖန်ပြောဆိုလိုက်ပါတယ်။

2010.11.08
election_than_shwe_vote_305_z.png မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် နေပြည်တော်မှာ မဲပေးခြင်း ဖြစ်ပါသည်။ (AFP PHOTO / MYANMA NEWS AGENCY)
(AFP PHOTO / MYANMA NEWS AGENCY)

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက တစုံတရာ ပြောဆိုမှု မရှိတဲ့အပေါ် အမေရိကန်သမတ အိုဘားမားက နိုဝင်ဘာ ၈ ရက် ဒီကနေ့ ဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေအဖြစ် အများက သတ်မှတ်ထားတဲ့ နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ပျက်နေတဲ့ တခြားနိုင်ငံတွေရဲ့ အရေးကို လစ်လျူရှု မထားနိုင်ကြောင်း သမတ အိုဘားမား က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ လှုပ်ရှားတောင်းဆိုတာကို စစ်အစိုးရက ဖိနှိပ်နေတဲ့အပေါ် မိမိတို့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေ အနေနဲ့ ဘာမှမပြောပဲ ဒီအတိုင်း နှုတ်ဆိတ် မနေနိုင်ကြောင်းလည်း အမေရိကန် သမတက ပြောပါတယ်။ အိန္ဒိယလွှတ်တော်တွင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် အိန္ဒိိယနိုင်ငံဟာ ဒီလို အရေးကိစ္စတွေကို ဝေဖန်ပြောဆိုဖို့ အမြဲတမ်း ရှောင်ရှားခဲ့တယ်လို့လည်း သမတ အိုဘားမားက ဝေဖန် လိုက်ပါတယ်။

ဒီကနေ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ သြစတြေလျ နိုင်ငံခြား ရေးဝန်ကြီး Kevin Rudd တို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း- မြန်မာစစ်အစိုးရပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်မှု မရှိတဲ့အပေါ် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံအရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်သမတ အကီနိုက ဒီကနေ့ သတင်းထောက်တွေကို ပြောရာမှာ မိမိတို့ ကနဦး ကြားသိထားတဲ့ သတင်းတွေအရ မနေ့က ရွေးကောက်ပွဲမဲပေးမှု အခြေအနေတွေဟာ အင်မတန်ဆိုးဝါးကြောင်း ပြောပါတယ်။

စစ်အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ သဘောဆန္ဒနဲ့အညီ တင်မြှောက်တဲ့ အစိုးရ ပေါ်ထွက်လာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးပြီး မကြာခင်မှာ အခုထက်ပိုမို ကျယ်ပြန့်တဲ့ ရွေးကောက်ပွဲတရပ် ပြုလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

အလားတူပဲ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မိမိတို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို စစ်အစိုးရက လစ်လျူရှုပြီး အခုလို ရွေးကောက်ပွဲ လုပ်ခဲ့တဲ့အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ၊ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner တို့ကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှွတ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။