ကချင်ပြည်နယ်မှာ အင်တာနက်လိုင်း ပြတ်တောက်နေ
2023.11.16
ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ဖိုက်ဘာအင်တာနက်နဲ့ မိုဘိုင်း အင်တာနက်တွေ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က စစ်တပ်ပိုင် မိုင်တဲ ဖိုက်ဘာအင်တာနက်လိုင်းတွေ စတင်ပြတ်တောက်သွားပြီး နောက် သုံးရက်အကြာမှာ ကျန်တဲ့ ဖိုက်ဘာ အင်တာနက်လိုင်းတွေပါ ပြတ်တောက်သွားတာလို့ ဆိုပါတယ်။
မြစ်ကြီးနားအပါဝင် ကချင်ပြည်နယ် မြို့နယ် ၁၈ ခုစလုံးမှာ ပြတ်တောက်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။ အက်တမ် မိုဘိုင်းအင်တာနက်လိုင်းကတော့ အနည်းငယ် ရပေမယ့် လိုင်းဆွဲအားမကောင်းတာကြောင့် သုံးလို့ အဆင်မပြေဘူးလို့ အွန်လိုင်းပေါ်မှာ အစားသောက် ရောင်းချနေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“Page ကို အရင်သိပြီးသား လူတွေကတော့ ဖုန်းဆက်ပြီး လှမ်းမှာကြတာပေါ့။ Atom လိုင်းကိုပဲ အားလုံးက ဝိုင်းသုံးနေတာဆိုတော့ အရောင်းပို့စ်တင်တဲ့အခါ အခက်အခဲ ဖြစ်တယ်။ ဒီပုံစံအတိုင်းပဲ ရေရှည်ဆိုရင်တော့ ကျွန်မအပါဝင် အွန်လိုင်းမှာ အရောင်းအဝယ်လုပ်နေတဲ့ သူတွေအတွက်ကတော့ အခက်အခဲ ဖြစ်လာနိုင်တာပေါ့”
အင်တာနက် ပြတ်တောက်နေတာကြောင့် မြစ်ကြီးနားမြို့က ဘဏ်တချို့နဲ့ ငွေလွဲ ငွေထုတ် ဝန်ဆောင်မှုလုပ်ငန်း တချို့လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ အမ်ပီတီ၊ မိုင်တဲ၊ အူရီဒူး ဖိုက်ဘာအင်တာနက်လိုင်းတွေအပြင် ဒေသအခြေစိုက် Manau Links, KNet, MyNet အင်တာနက်တွေပါ ပြတ်တောက်နေတာပါ။
ကချင်မှာ Fiber Internet နဲ့ မိုဘိုင်း အင်တာနက်တွေ ပြတ်တောက်နေတာဟာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့သိမ်း တိုက်ပွဲအတွင်း မြို့တစ်ဝိုက်မှာရှိနေတဲ့ အင်တာနက် ကေဘယ်လ်ဆက်သွယ်ရေးကြိုးတွေ ပျက်စီးသွားတာ ကြောင့် ပြတ်တောက်နေတာလို့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲအခြေနေကြောင့် ပျက်စီးသွားတာကို သွားရောက်ပြုပြင်ဖို့ကလည်း အဆင်မပြေသေး တာကြောင့် ဘယ်အချိန်မှာ အင်တာနက် ပြန်ရမယ်ဆိုတာ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုအခြေအနေက သွားရောက်ပြုပြင်ဖို့ကလည်း မလွယ်သေးဘူး တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့။ အခု ဒီဘက်ကမှာက အက်တမ် မိုဘိုင်း အင်တာနက် တစ်ခုပဲ ရတယ်။ အဲဒါလည်း လိုင်းမကောင်းဘူး။ တစ်ခါတလေ ဖုန်းလိုင်းပါ ပျောက်သွားတာ”
ကချင်ပြည်နယ်ကို ကေဘယ်လ်လိုင်း နှစ်လိုင်းနဲ့ အဓိက အင်တာနက် ဖြန့်ဝေနေတာဖြစ်ပြီး စစ်ကိုင်းဘက်ကနေ တစ်လိုင်း၊ ဗန်းမော်ဘက်ကနေ တစ်လိုင်း သွယ်ထားကာ ဗန်းမော်ဘက်ကနေ သွယ်ထားတဲ့ လိုင်းကလည်း ပြီးခဲ့ သုံးလဝန်းကျင်က နမ်ဆန်ယန်မှာ ပျက်စီးသွားတယ်လို့ သူက ရှင်းပြပါတယ်။
ကချင်ပြည်နယ်မှာ အင်တာနက် ပြတ်တောက်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်နေလဲသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကချင်ပြည်နယ် ဖားကန့်မြို့ကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။