ဖားကန့်က ကျောက်စိမ်းကုမ္ပဏီတချို့ ဖမ်းဆီးခံရ

RFA Burmese
2023.05.31
ဖားကန့်က ကျောက်စိမ်းကုမ္ပဏီတချို့ ဖမ်းဆီးခံရ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေနေကြသူများ။
Reuters

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ ဝင်ရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလကုန်ပိုင်းလောက်ကစပြီး ကုမ္ပဏီတွေကို ဖမ်းဆီးပြီး ပိုက်ဆံနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဖားကန့်မှာ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေရှိနေတယ်။ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေထဲကို ဝင်တယ် ပြီးတော့ ဖမ်းဆီးတယ်။ ပြီးလို့ရှိရင် အဲဒါတွေကို ပြန်ရွေးခိုင်းတာပေါ့ စက်ယန္တရားတစ်စီးကို ဘယ်လာက်၊ နောက်လူတစ်ယောက်ကို ဘယ်လောက် အဲဒီလို ပြန်ရွေးခိုင်းတယ်ပေါ့။ ဒီ ၅ လပိုင်းအတွင်းမှာ အများပိုင်းဖြစ်တယ်။ ၆ လပိုင်းဆို မိုးရွာရင် ကျောက်က တူးလို့မရတော့ဘူး။ရာသီသိမ်းခါနားမှာ သူတို့ စစ်ကြောင်းထိုးပြီး ပိုက်ဆံရှာတာပေါ့။”

ဖားကန့်ဒေသက ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ မြန်မာ့တကောင်း၊ နေမင်းကမ္ဘာ ကျောက်စိမ်းကုမ္ပဏီတို့ကို စစ်ကောင်စီ စစ်ကြောင်းက မေလ ၂၇ နေ့ကစပြီး ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို RFA အနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ဧပြီလနဲ့ မေလ နှစ်လအတွင်း စစ်ကောင်စီဖမ်းဆီးထားတဲ့ ပြည်သူ ၂၀၀ ကျော်လည်း အခုချိန်ထိ မလွတ်မြောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဖားကန့်ဒေသခံတွေကို ဖမ်းဆီးတာ၊ ကျောက်စိမ်းကုမ္ပဏီတွေကို ဖမ်းဆီးငွေတောင်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးကိစ္စတွေကို သူ့အနေနဲ့ မသိနိုင်သလို ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ခွင့်လည်း သူတို့အနေနဲ့ တရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ RFA ကို ဧပြီလက ပြောဆိုထားပါတယ်။

ကချင်ပြည်နယ် သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Govenance (K-SAG) အဖွဲ့ရဲ့ ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဖားကန့်ဒေသမှာ အဏာသိမ်းပြီးနောက် သဘာဝသယံဇာတတွေကို စည်းကမ်းမဲ့ တူးဖော်တာတွေ ပိုများလာသလို အရင်က မတူးဖော်ထားတဲ့ ဒေသခံတွေရဲ့ ရွာမြေတွေအထိ ရှာဖွေတူးဖော်လာတာတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ ကျောက်စိမ်းတူးဖော်မှုအားလုံး ၂၀၂၁ မှာ သက်တမ်းကုန်ဆုံးပြီဖြစ်ပြီး အခုတူးဖော်နေတာတွေဟာ တရားမဝင်တူးဖော်နေတာတွေ ဖြစ်သလို အခုလက်ရှိ ကျောက်စိမ်းတူးဖော်ဖို့ ပေ ၁၀၀ ပတ်လည် မြေနေရာ တစ်ခုအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ကျပ်သိန်း ၁၅၀၀ ကနေ ၂၀၀၀ ကြားပေးရသလို စစ်ကောင်စီကိုလည်း ကျပ်သိန်း ၂၀၀၀ ကနေ ၃၀၀၀ ကြားပေးရတယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာပါ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သယံဇာတ တူးဖော်မှုတွေကို KIO က စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုလုပ်ဆောင်နေတာလို့ RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။