ဂျပန်ဘာသာစကားစာမေးပွဲ လျှောက်လွှာဝယ်ယူသူ များပြားမှုကြောင့် ရောင်းချမှုရပ်ဆိုင်း

2022.08.05
Share on WhatsApp
Share on WhatsApp
ဂျပန်ဘာသာစကားစာမေးပွဲ လျှောက်လွှာဝယ်ယူသူ များပြားမှုကြောင့် ရောင်းချမှုရပ်ဆိုင်း ရန်ကုန်ပညာရေးတက္ကသိုလ်တွင် N4 Level ဂျပန်ဘာသာစာမေးပွဲ ဖြေဆိုရေး လျှောက်လွှာရယူရန် တန်းစီနေကြသည့် လူငယ်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက် နံနက် ၄ နာရီက တွေ့ရစဉ်
Photo: Khit Thit Media

ရန်ကုန်မြို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဂျပန်ဘာသာစကား N4 Level အရည်အချင်း စစ်စာမေးပွဲ လျှောက်လွှာရဖို့အတွက် ဩဂုတ်လ ၅ ရက် ဒီနေ့မနက်က လူငယ် ၅၀၀၀ ကျော် တန်းစီခဲ့ကြပြီးနောက် လျှောက်လွှာရောင်းချမှုကို ရုတ်တရက်ပိတ်လိုက်ပြီး အွန်လိုင်း စနစ်နဲ့ လျှောက်ထားမှုကိုပဲ ခွင့်ပြုမယ်လို့ စာမေးပွဲကျင်းပရေး ကော်မတီ (JLPT) က ထုတ်ပြန်ပါတယ်။

အဲဒီလျှောက်လွှာတွေကို ဩဂုတ်လ ၅ ရက် ဒီနေ့ကနေစလို့ ဩဂုတ်လ ၇ ရက်နေ့အထိ သတ်မှတ်ခွဲတမ်းနဲ့ ရောင်းချပေးမှာပြီး ကျန်ရှိတဲ့လျှောက်လွှာတွေကိုတော့ ဩဂုတ်လ ၈ ရက်နေ့မှာ အပြီးရောင်းချပေးမယ်လို့ ကနဦး ကြေညာခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ မနက်ပိုင်း ကျောင်းတံခါးမဖွင့်မီ လာရောက်သူများပြားလို့ မူလအစီအစဉ်အတိုင်း မရောင်းချတော့ဘဲ ရုတ်တရက် ရပ်လိုက်တာလို့ လျှောက်လွှာရဖို့ တန်းစီခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“ဖောင်ရဖို့အတွက် ညကတည်းက သွားစောင့်သူတွေရှိတယ်။ မနက်အစောကြီး သွား စောင့်သူတွေလည်းရှိတယ်။ မိုးထဲလေထဲမှာ စောင့်နေကြရတာ။ အခုလိုလုပ်တာမျိုးက မကောင်းဘူး။ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ရဲ့ လုပ်ရပ်က မျှတမှုမရှိဘူးလို့ မြင်ပါတယ်။ ကျနော်တို့ဖြစ်စေချင်တာ စကားကိုတည်စေချင်တာ။ အခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်တာကတော့ မကောင်းဘူးပေါ။ သွားရတဲ့သူတွေက ဒုက္ခရောက်တာပေါ့“

မနက် ၅ နာရီခွဲလောက်မှာ တန်းစီတဲ့လူအချို့က ခြံစည်းရိုးကျော်ဝင်တာကြောင့် စစ် ကောင်စီတပ်သားတွေ ရောက်လာပြီး လူစုခွဲခိုင်းခဲ့တယ်လို့လည်း အဲဒီနေရာမှာရှိနေခဲ့တဲ့ နောက်ထပ် လူငယ်တစ်ဦးက ပြောပါတယ်။

လျှောက်လွှာရရှိဖို့ တန်းစီခဲ့ကြသူတွေဟာ လူငယ်တွေအများဆုံးဖြစ်ပါတယ်။ သူတို့ဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေအတွက် ပြည်ပကို ထွက်ခွာဖို့ ကြိုးစားလာကြတာလို့လည်း ပြောပါတယ်။

ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကြမယ့် ကျွမ်းကျင်လုပ်သားတွေအနေနဲ့ ဂျပန်ဘာသာ စကား N4 Level စာမေးပွဲအောင်ဖို့ လိုအပ်တာကြောင့် အခု အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုလိုတဲ့သူ များနေတာလို့လည်း လျှောက်လွှာအတွက် လာရောက်တန်းစီတဲ့ လူငယ် တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကလည်း မန္တလေးမြို့မှာရောင်းချတဲ့ ဂျပန်ဘာသာ အရည် အချင်းစစ်စာမေးပွဲ လျှောက်လွှာတွေကို လာရောက်ဝယ်ယူသူ အဆမတန်များပြားခဲ့ တာကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ လျှောက်လွှာရောင်းချမှုကို ရပ်နားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။