လေကြောင်းတိုက်ခိုက်ခံရတဲ့ KNU တပ်မဟာ ၆ နယ်မြေ အပျက်အစီးတွေရှိ

RFA Burmese
2023.05.24
လေကြောင်းတိုက်ခိုက်ခံရတဲ့  KNU တပ်မဟာ ၆ နယ်မြေ အပျက်အစီးတွေရှိ KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးတွေကို တွေ့ရစဉ်။
Citizen Journalist

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဝေါလေမြို့နယ်ခွဲ မောခီး ကျေးရွာအုပ်စုက ပနွယ်ဖိုးကလိုး ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ မေလ ၂၃ ရက် ည ၁၁ နာရီခွဲက ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဆက်စပ် အဆောက်အအုံ ရှစ်လုံး ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

လူအထိအခိုက်မရှိပေမဲ့ အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ဗုံးကြဲခဲ့တဲ့နေရာကို မေ ၂၄ ရက်မှာ ရှင်းလင်းနေတဲ့ အဲဒီ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

“ဗုံးလာမကြဲခင် သုံးရက်လောက်ကတည်းက စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်၊ ရွာအနီးအနားမှာဖြစ်တယ်၊ ရွာထဲမှာတော့တိုက်ပွဲမဖြစ်ဘူး၊အများကြီးပဲထိခိုက်တာ၊ ဘုရားကျောင်း အဆောက်အအုံ အကုန်ပျက်စီးတယ်၊ စာသင်ကျောင်းတစ်ဆောင်၊ ယောက်ျားလေးဘော်ဒါဆောင်၊ ထမင်းစားဆောင်၊ ဘော်ဒါဆောင်က ဘုရားဘေးနားမှာ ရှိတယ်၊ ကျောင်းသားတွေ နေတဲ့ အဆောင်တွေရော ဆိုရင် အိမ်ရှစ်လုံး ပျက်စီးကုန်တယ်၊နွေရာသီ ကျောင်းပိတ်ချိန်လေ ကျောင်းမဖွင့်သေးလို့ လူထိတာတော့မရှိဘူး။ ကြဲတာကတော့ ည ၁၁နာရီ ၃၀ လောက်မှာ ဗုံးနှစ်လုံးကြဲသွားတာ”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း ပနွယ်ဖိုးကလိုး ကျေးရွာကို စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့တဲ့အတွက် အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရပြီး အိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။ ဒါဟာ ဒုတိယအကြိမ်တိုက်ခိုက်တာလို့လည်း ပြောပါတယ်။

မေလ ၁၅ ရက်ကနေစပြီး ဝေါလေ၊ မောခီး၊ ထီးသဲဘလယ်၊ ပနွယ်ဖိုးကလိုး ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်လာနေပြီး KNLA တပ်ရင်း ၁ဝ၂ အဖွဲ့လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေနဲ့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်က မြေပြင်လက်နက်ကြီးနဲ့ ပစ်ရုံမက လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူဦးရေ ၂၅ဝ ဝန်းကျင်ရှိတဲ့ ရွာက လူတွေ တောင်ယာခြံတွေဘက်နဲ့ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေကြတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ကရင်ကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။

“ဝေါလေ၊ ကနဲလေး၊ မော်ခီးဘက်မှာ ကရင်အဖွဲ့တွေ၊ PDF အဖွဲ့တွေ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်နေတာ၊ ဝေါလေ စစ်တပ်ဗျူဟာ၊ ရဲစခန်း၊ စစ်တပ် စစ်ကြောင်းတွေနဲ့ ပစ်နေတာတော့ ခဏ ခဏ ရှိတယ်။ လေယာဉ်ကင်းထောက်တာလည်း ရှိတယ်၊ ကရင်အဖွဲ့တွေ ဒရော့ဗုံးသီး (ဒရုန်း ဗုံးသီး) ကြဲ ချတာလည်းရှိတယ်။ အဲဒီတော့ ရွာသားတွေ ထိုင်းဘက်လည်းရှောင်၊ တောဘက် တောင်ယာဘက်လည်း ရှောင်နေတာမှာ လူ ၂၅ဝ လောက် ရှိတယ်။”

ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် စစ်ကောင်စီလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို ဆက်သွယ်ပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။

လတ်တလော ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေမှာ ဝေါလေဒေသအပြင် ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်းနဲ့ မြဝတီမြို့အနီးက မဲ့ကနယ် ကျောက်မိုင်း စတဲ့နေရာတွေမှာ စစ်တပ် နဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့အကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ KNLA က ပြောပါတယ်။
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။