NLD ဝန်ကြီးတွေနဲ့ပေါင်းပြီး ဦးချစ်ခိုင် အဂတိလိုက်စားခဲ့တယ်လို့ စစ်ကောင်စီစွပ်စွဲ
ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ဟာ NLD အစိုးရ လက်ထက်မှာ ဝန်ကြီးတွေနဲ့ပေါင်းပြီး နိုင်ငံတော် ဘဏ္ဍာငွေတွေ နစ်နာအောင် လုပ်ခဲ့တာကြောင့် ဖမ်းဆီးလိုက်တာလို့ စစ်ကောင်စီဘက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံ NLD ပြည်ထောင်စုဝန်ကြီးတွေဟာ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေး လုပ်ငန်း စီမံကိန်းမှာ ငွေသိန်းထောင်ချီ အဂတိလိုက်စားခဲ့ပြီး ဦးချစ်ခိုင်ဟာလည်း သူတို့နဲ့ အကျိုးတူ ပူးပေါင်း စီးပွားရေးလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ အဲဒီလုပ်ငန်းကရတဲ့ငွေတွေကို နိုင်ငံတော်အတွက် အခွန်လျှော့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
NLD အစိုးရ လက်ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ လျှပ်စစ်ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ဧဒင်ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်နဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅နဲ့ အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဧဒင်ဦးချစ်ခိုင်ကို စစ်ကောင်စီက စွပ်စွဲတာနဲ့ ပတ်သက်လို့ မိသားစုဘက်ကို RFA က မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရ ဝန်ကြီးတွေကို ဖမ်းဆီးပြီး အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တပ် အရေးယူနေပါတယ်။
ဒါ့အပြင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေလည်း ဖမ်းဆီးခံရတာတွေ ရှိလာနေတာပါ။ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူ့ရဲ့သား ဦးဇေသီဟ တို့လည်း ပြီးခဲ့တဲ့ မတ်လမှာ အဖမ်းခံရပါတယ်။ ဦးခင်ရွှေတို့ သားအဖကိုတော့ ရှေးဟောင်း အဆောက်အအုံတွေ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ဧဒင်ဦးချစ်ခိုင်ကတော့ အာဏာသိမ်းပြီးနောက် ဒုတိယမြောက် ဖမ်းဆီးခံရတဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါ။ သူဟာ NLD အစိုးရ လက်ထက်မှာ ကိုဗစ်ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းခဲ့ဖူးပါတယ်။