AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ

RFA Burmese
2025.01.10
AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

[Update: 5: 30 PM, Jan 11, 2025]

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက် ဒီနေ့မနက် ၉ နာရီလောက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လေကြောင်းဗုံးဟာ မြို့ပေါ်မှာရှိတဲ့ ရှမ်းရွာစျေးနဲ့ ပန်းတိမ်တန်းတွေကို ကျရောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရှမ်းရွာဈေးနဲ့ ပန်းတိမ်တန်းမှာ ဗုံးကျတယ်ဗျ။ သေတာကတော့ လောလောဆယ် နှစ်ဦးလို့ပဲ သိရသေးတယ်။ ဈေးဆိုတာ မနက်ပိုင်း လူများတတ်တော့ သေဆုံးဒဏ်ရာရသူတွေ အများအပြား ရှိနိုင်သေးတယ်”

ကျောက်တော်မြို့မှာ ပြည်တွင်းဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထား ရတာကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် အသေးစိတ်ကို မသိရသေးပါဘူး။

ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့က လူနေထူထပ်တဲ့ ဈေးနဲ့ ရပ်ကွက်အတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူတချို့ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၁၁ ရက် ဒီနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။ 

အရပ်သားတွေ ထိခိုက်​သေဆုံးမှု အခြေအနေ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာပါ။

အာရက္ခတပ်တော်(AA) က စစ်ရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်လာမဲ့ အရိပ်အယောင်တွေ မတွေ့ရသေးဘဲ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေသာ ဆက်တိုက်ကြုံနေရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက် - ဤသတင်းတွင် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။