ပုလဲမြို့နယ် ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၊ နှစ်ဖက်သေဆုံးမှုတွေရှိ

RFA Burmese
2023.06.05
ပုလဲမြို့နယ် ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၊ နှစ်ဖက်သေဆုံးမှုတွေရှိ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်နေစဉ်။
Screenshot: သခင်ဒေါင်းညိုအဖွဲ့ Video

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂ ရက်ကနေ ဇွန် ၅ ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးဘက်က နှစ်ဦးသေဆုံးသလို စစ်ကောင်စီတပ်ဘက်ကလည်း ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ သခင်ဒေါင်းညိုအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၁၅၀ ခန့် တပ်စွဲထားတဲ့ ဇီးဖြူကုန်းရွာ တပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားတိုက်ခဲ့တာလို့ သခင်ဒေါင်းညိုအဖွဲ့ခေါင်းဆောင် သခင်ဒေါင်းညိုက RFA ကို ပြောပါတယ်။

"ပျူစောထီးတွေ တပ်စွဲထားတဲ့တပ်စခန်းပေါ့။ တူမီးနဲ့ ဝင်သိမ်းတာ မဟာမိတ် တပ်ပေါင်းစုက။ စခန်းကို ဝင်စီး တာပေါ့။ နောက်ဆုံး ၄ ရက်မြောက်နေ့မှာ သူတို့ ဘက်က တိုက်လေယာဉ်နဲ့ ပြန်ပြီးတပ်ကူပေးတာပေါ့နော်"

သခင်ဒေါင်းညို၊ ချင်းတွင်းတိုးနယား၊ ဗျတ္တညီနောင်အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ဒေသကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့ တွေ ဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတော့ မရှိပါဘူးလို့ သခင်ဒေါင်းညိုက ပြောပါတယ်။

ဇီးဖြူကုန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့စခန်းထဲအထိ ဝင်ရောက် နိုင်ခဲ့ပေမယ့် ရာသီဥတုအခြေအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ် လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သေဆုံးထိခိုက်မှုအရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကလည်း ဒီအပေါ် သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကိုလည်း RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကတော့ လက်ရှိ အဲဒီဇီးဖြူကုန်းရွာ တပ်စခန်းမှာပဲ ဆက်လက်တပ်စွဲထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။