စစ်ကောင်စီတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီး သုံးဦး အပါအဝင် ၄၁ ဦး CDM ဝင်လာ
2024.09.13
ဩဂုတ်လအတွင်း စစ်ကောင်စီတပ်က ဒုတိယ ဗိုလ်မှူးကြီး သုံးဦးအပါအဝင် အရာရှိ၊ တပ်သားနဲ့ ရဲ (၄၁) ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
သူတို့ဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဌာန ကွပ်ကဲမှုအောက်က ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဆီ ချိတ်ဆက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအထဲမှာ အရာရှိအဆင့် ဒုတိယဗိုလ်မှူးကြီး သုံးဦး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး နှစ်ဦးနဲ့ ဗိုလ် သုံးဦးတို့ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး လက်နက်ယူလာသူတွေကို သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုလို ပူးပေါင်းပါဝင်လာသူတွေဆီက လက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းမီးကျောက်တွေကို ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီတပ်ရဲ့ အရာရှိကြီးပိုင်းတွေပါ ဒီလို CDM လုပ်လာကြတာက အဘက်ဘက်က ကြုံတွေ့နေရတဲ့ ဖိအားတွေကြောင့် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“မြေပြင် အခြေအနေက ရှေ့မှာရန်သူ၊ နောက်မှာခုံရုံး၊ အောက်မှာ မိုင်းဆိုသလိုမျိုးဖြစ်လာတာတွေ တွေ့တယ်။ အဲဒီတော့ စောစောစီးစီး CDM လုပ်လာကြတာတွေရှိပါတယ်။ အခုလို CDM လုပ်လာတဲ့ အရာရှိစစ်သည် အရေအတွက်ထက် တိတ်တဆိတ် ဇာတ်မြှုပ်ပြီး CDM လုပ်တဲ့ အရာရှိစစ်သည်တွေက ပိုများနိုင်ပါတယ်"
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်အတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး ငါးဦး အပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ဦး CDM မှာ ပါဝင်ခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း တစ်သောင်းခွဲဝန်းကျင်ရှိတယ်လို့ RFA ကို ဇွန်လထဲမှာ ပြောပါတယ်။