တရုတ်အစိုးရကို တောင်ကိုရီးယားရောက်မြန်မာတွေ ကန့်ကွက်ဆန္ဒပြ
2024.11.24
အာဏာသိမ်းစစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်အစိုးရကို တောင်ကိုရီးယားရောက် မြန်မာတွေ ဒီနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာပြည်ဖွား လူအင်အား ၂ဝဝ လောက်ဟာ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ဘူတာရုံရှေ့ကနေ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြတာပါ။
တရုတ်အစိုးရအနေနဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့နေတာရပ်ဖို့၊ အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေဘက်ကနေ ပူးပေါင်းဖို့ စတဲ့ ဆောင်ပုဒ်တွေကိုင် ကြွေးကြော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက... “တရုတ်ကမြန်မာ့ပြည်တွင်းရေးမှာ ပေါ်ပေါ်ထင်ထင်ကိုစွက်ဖက်နေတယ်။ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ အဖွဲ့တွေကိုလည်း ဖိအားပေးနေတယ်။ မင်းအောင်လှိုင် ပြည်တွင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးတာတွေ၊ သံတမန်ရေး ကိစ္စမှာဆိုလည်း (စစ်ကောင်စီကို) ပိုအသိအမှတ်ပြုလာနေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံခြားမှာ ရောက်နေတဲ့သူတွေအနေနဲ့လည်း တရုတ်ကို ကန့်ကွက်တယ်။ ဆန့်ကျင်တယ်ဆိုပြီးတော့ သံတမန်ရေးရာ တန်ပြန်တိုက်စစ်ဆင်တဲ့ ပုံစံမျိုးနဲ့ ဖိအားပေးဆန္ဒပြတာ” လို့ RFA ကို ပြောပါတယ်။
ဆန္ဒပြပွဲမှာ တောင်ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအပြင် တောင်ကိုရီးယား လူမှုရေးနဲ့ ဘာသာရေးအသင်းအဖွဲ့တွေလည်း ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ တရုတ်သံရုံးကို အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ပြီး အဲဒီစာထဲမှာ စစ်ကောင်စီကို အားပေးထောက်ခံတာမလုပ်ဖို့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်တွေပါတယ်လို့ MFDMC သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။