စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် နှစ်ဦး သေဆုံး
2025.01.21

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာက တစ်သျှူးငှက်ပျောခြံမှာ ဇန်နဝါရီလ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး နောက်ထပ် နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
စန်းကားရွာက “ဝေဆာမနောမြေ” တစ်သျှူးငှက်ပျောကုမ္ပဏီ ခြံထဲမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံး တိုက်ခိုက်တာဖြစ်ပြီး တရုတ်နိုင်ငံသား ငှက်ပျောခြံလောပန်း(ပိုင်ရှင်) အသက် (၃၂) နှစ်အရွယ် Xia Wu Jung ဆိုသူနဲ့ အသက် (၂၈) နှစ်အရွယ် မြန်မာနိုင်ငံသား ကိုထိန်ထိန်လင်းတို့ သေဆုံးသွားတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝိုင်းမော်ဒေသခံတစ်ဦးက တရုတ်နိုင်ငံသားဟာ ဒဏ်ရာတွေနဲ့ ဝိုင်းမော်ဆေးရုံကို ရောက်လာပြီးနောက် သေဆုံးသွားတာလို့ RFA ကို ပြောပါတယ်။
“စန်းကားရွာ မြစ်ကမ်းနားဘက်မှာ တစ်ကြိမ် လာပစ်သွားတာ။ အဲဒီမှာ ငှက်ပျောခြံလောပန်း တရုတ်တစ်ယောက် ဝိုင်းမော်ဆေးရုံကိုရောက်လာပြီးမှ သေသွားတယ်။ နောက်ထပ် မြန်မာနိုင်ငံသားတစ်ယောက်လည်းသေတယ်။ စကားပြန်မိန်းကလေးတစ်ယောက်နဲ့ နောက်ထပ် အမျိုးသား တစ်ယောက်လည်း ဒဏ်ရာရတယ်”
သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကို သယ်သွားပြီလို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
တရုတ်နိုင်ငံသား သေဆုံးမှုအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်က တစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း စန်းကားကျေးရွာက ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကချင်ပြည်နယ်က တစ်သျှူးငှက်ပျောတွေကို ကန်ပိုက်တီ၊ လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။