စစ်ကောင်စီတပ်သားတွေ မူးယစ်ဆေးဝါး သုံးစွဲဖြန့်ချိနေကြောင်း NUG ထုတ်ပြန်
2024.10.15
စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးကို ကိုယ်တိုင်သုံးစွဲရုံသာမက ရောင်းဝယ်ဖြန့်ချိနေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ သိမ်းဆည်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို အောက်တိုဘာ ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီအခမ်းအနားကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲကနေ ဖမ်းမိခဲ့တဲ့ သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းချက်အရ.. စစ်ကောင်စီတပ်သားတွေက စစ်တိုက်နိုင်ဖို့အတွက် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ဝန်ခံသလို သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး ပမာဏအရ သုံးစွဲရုံတင်မကဘဲ ရောင်းဝယ်ဖြန့်ချိနေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးမှာ ဘိန်းဖြူ ဆပ်ပြာခွက် (၁,၃၅၂) ခွက်၊ ဘိန်းဖြူထုပ် (၁,၂၈၅) ထုပ်နဲ့ ဘိန်းမဲ ခန့်မှန်း တစ်ပိဿာပါ အထုပ် ၁၈ ထုပ်တို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို NUG နဲ့ ပြည်သူတွေ လက်တွဲညီညီ တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲဖြန့်ချိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
NUG က သိမ်းယူထားတဲ့ မြို့၊ ရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေပြီး တာဝန်ပေးထားတဲ့ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေ မဟုတ်မမှန် လုပ်ဆောင်နေတာတွေကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းယူခဲ့ပြီး ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က အောက်တိုဘာ ၁၀ ရက်နေ့မှာ သွားရောက်ခဲ့တာပါ။
ဒီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနစ်ဆယ်ခန့် သေဆုံးပြီး စစ်သုံ့ပန်း တစ်ရာကျော် ဖမ်းမိတဲ့အပြင် စစ်လက်နက် ပစ္စည်းအမြောက်အမြား သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။