ဝန်ကြီးဌာနတွေက စာရင်းတွေ မှားယွင်းမှုတွေရှိကြောင်း စစ်ခေါင်းဆောင်ပြော
2024.12.03
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်မှုနည်းနေတဲ့အပြင် ဝန်ကြီးဌာနတွေက ကောက်ယူထားတဲ့ အချက်အလက်တွေဟာ မှားယွင်းမှုတွေရှိနေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၃ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဝါတွေပိုလျှံတာကြောင့် ပြည်ပကို တင်ပို့ထားကြောင်း ကောက်ယူထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ အမှန်တကယ်တင်ပို့ထားတဲ့ အချက်လက်တွေဟာ ကွဲလွဲနေတာကိုတွေ့ရပြီး ပြည်ပကို တင်ပို့တဲ့ ဆန်ပမာဏအချက်အလက်တွေလည်း ကွာခြားနေတာကိုတွေ့ရကြောင်း စစ်ခေါင်းဆောင်က ဥပမာပေးပြောဆိုပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထည့်သွင်းပြောဆိုတာမရှိပါဘူး။
ကိန်းဂဏန်းအချက်အလက်တွေအရ အောင်မြင်တာကို ကျေနပ်နေလို့မရဘဲ လက်တွေ့မှာလည်း အမှန်တကယ် တိုးတက်အောင်မြင်ဖို့လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ကိန်းဂဏန်းအချက်အလက်တွေ မမှန်ရင် စီမံကိန်းတွေရေးဆွဲရာမှာ မှားယွင်းမှုတွေ ဖြစ်နိုင်ကြောင်းလည်း စစ်ခေါင်းဆောင်က ထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လကထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ၊ လုပ်သားရှားပါးမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းတာတွေကြောင့် စီးပွားရေးလုပ်ဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အစမှာ မြန်မာနိုင်ငံလူဦးရေ ၃၂ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးတဲ့အခြေအနေကို ရောက်လာနေကြောင်း ကျန်သုံးပုံ တစ်ပုံဟာလည်း ဆင်းရဲမှုအခြေအနေ ကျရောက်နိုင်တယ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ရဲ့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ လူဦးရေ ၅၅ ဒဿမ ၈ သန်းထဲက ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတဲ့အပြင် လူပေါင်း ၁၃ သန်းကျော်ဟာလည်း စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ ပြောထားပါတယ်။