စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆက်လက်ဆန့်ကျင်မည်ဖြစ်ကြောင်း NUG နဲ့ NUCC ထုတ်ပြန်

RFA Burmese
2024.12.24
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆက်လက်ဆန့်ကျင်မည်ဖြစ်ကြောင်း NUG နဲ့ NUCC ထုတ်ပြန် လာမည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရွန်နစ် မဲပေးစက်အကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များအား ရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရှင်းပြနေစဉ်။
AFP

လာမဲ့ ၂၀၂၅ ခုနှစ်ထဲမှာ လုပ်ဖို့ရှိနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က ဒီဇင်ဘာလ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး စစ်တပ်အာဏာ ဆက်ယူနိုင်ဖို့ လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်တာကြောင့် ဒီရွေးကောက်ပွဲဟာ နိုင်ငံကိုယ်စားပြုမှုမပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေပြီး လူငယ်တွေကိုလည်း အဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့လည်း NUG နဲ့ NUCC က ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မ မဲထည့်ခိုင်းမဲ့ အခြေအနေ ဖြစ်လာနိုင်သလို မဲစာရင်းနဲ့ မဲရလဒ်တွေဟာလည်း မှန်ကန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

NUG နဲ့ NUCC တို့ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအပါအဝင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုကို ဆက်လက်ကြိုးပမ်းမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမရှိပေမဲ့ လာမဲ့ ၂၀၂၅ ခုနှစ်အတွင်းလုပ်မဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ လွတ်လပ်စွာမဲပေးနိုင်မှုကို အဓိကထားလုပ်ဆောင်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေမှာ ထည့်သွင်းပြောဆိုထားပါတယ်။

နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဘယ်လိုပုံစံကျင်းပမယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။