စစ်ကောင်စီပိုင် ဆင်အကောင်ရေ ၁၄ဝ နီးပါးကို PLA ထိန်းသိမ်း
2024.09.03
စစ်ကောင်စီလက်အောက်ခံ သစ်တောဝန်ကြီးဌာနပိုင် ဆင်အကောင်ရေ ၁၃၈ ကောင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စက်တင်ဘာလ ၃ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
PLA တပ်ဖွဲ့ စစ်ရေးလှုပ်ရှားနေတဲ့ မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဆင်ဝိုင်း ၂၁ ဝိုင်းက သစ်ထုတ်လုပ်ရေးမှာသုံးတဲ့ ဆင်တွေလို့ ဆိုပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဆင်အုပ်၊ ဆင်ထိန်းတွေနဲ့ မိသားစုဝင်တွေဟာ ဘေးလွတ်ရာရှောင်ပြေးရင်း PLA တပ်ဖွဲ့လက်ထဲ ရောက်လာတာလို့လည်း ပြောပါတယ်။
လက်ရှိဆင်တွေနဲ့ ဆင်ထိန်းတွေကို ပြည်သူပိုင်သိမ်းထားပြီး ပြည်သူ့ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ရင် ပြန်လည်အပ်နှံသွားမယ်လို့လည်း PLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေဘက်မှာ PLA ဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မန္တလေး PDF တပ်တွေနဲ့ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။