စစ်ကောင်စီတပ်ကို နိုင်ငံတကာစစ်ခုံရုံး အမြန်တင်ပေးဖို့ IEC တောင်းဆို

RFA Burmese
2024.09.07
စစ်ကောင်စီတပ်ကို နိုင်ငံတကာစစ်ခုံရုံး အမြန်တင်ပေးဖို့ IEC တောင်းဆို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အရာရှိများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Myanmar Military

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးတာတွေအပါအဝင် လူမျိုးတုံးစေတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ နိုင်ငံတကာကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာက အရေးယူဖို့ လိုအပ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

"အရပ်သားတွေကို ရည်ရွည်ချက်ရှိရှိ တိုက်ခိုက်တာက ရှင်းရှင်းလင်းလင်းပဲ၊ ဒါက စစ်ပွဲလည်း မဟုတ်ဘူး၊ စစ်ပွဲဖြစ်တဲ့နေရာလည်း အရမ်းဝေးတယ်၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ စစ်ရှောင်တွေပဲ ရှိတဲ့နေရာကို ပြည်သူတွေနေရာကို သူတို့ ဆက်တိုက်ကို ကျူးလွန်နေတယ်၊ စစ်ကောင်စီနဲ့ အခုထက်ထိ စီးပွားရေးအရ၊ စစ်ရေးအရ ဆက်သွယ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာကုမ္ပဏီတွေ ရှိနေဆဲဖြစ်တယ်၊ နိုင်ငံတွေကလည်း ဆက်ပြီးအားပေးတာတွေ လုံးဝ ရပ်ဖို့လိုတယ်၊ မဟုတ်ရင် ဆက်ပြီးတော့ ပြညသူတွေကို သတ်ဖြတ်နေဦးမဲ့ အနေအထားမျိုး ဖြစ်နေတယ်၊ ဒီဟာက အခါတိုင်း ဖြစ်ရိုးဖြစ်စဉ်လို မဟုတ်တော့ဘူး၊ လုံးဝကို ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးတော့မှ လူမျိုးပြုန်းသတ်ဖြတ်တဲ့ဟာ၊ စစ်ရာဇဝတ်မှု ဒါက တကယ့် စစ်ရာဇဝတ်မှုပါပဲ၊ ဒါတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကိုတော့ ဒါ နိုင်ငံတကာစစ်ခုံရုံးတို့ ဘာတို့ကနေ အရေးယူဖို့ လိုအပ်တယ်"

စစ်ကောင်စီကို နိုင်ငံတွေကနေ လက်နက်ခဲယမ်းတင်ပို့ရောင်းချတာကို ပိတ်ဆို့အရေးဖို့နဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေကို တားဆီးနိုင်ဖို့အတွက် လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေကို လုံးဝ ရပ်တန့်ပေးသွားဖို့လည်း တောင်းဆိုထားပါတယ်။

ကရင်နီပြည်သူများအပါအဝင် ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထပ်တိုးပေးဖို့လည်း IEC က ဆိုပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား ကိုးဦးသေဆုံးခဲ့ပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ကောင်စီဟာ လက်နက်ကိုင် ပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူတွေကို တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို ပြသနေတာလို့လည်း ရေးသားထားပါတယ်။

ဒီလို့ အရပ်သားတွေကို နည်းလမ်းပေါင်းစုံနဲ့ ကျူးလွန်နေတာတွေကို မျက်ကွယ်မပြုဘဲ လက်တွေ့ကျတဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကို တောင်းဆိုကြောင်းလည်း IEC က ဆိုပါတယ်။

စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း အရပ်သား ၂၄ ဦး သေဆုံးခဲ့ရပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။