ယင်းမာပင်ခရိုင် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ် ရက်ရက်စက်စက် သတ်ဖြတ်

RFA Burmese
2023.01.24
ယင်းမာပင်ခရိုင် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ် ရက်ရက်စက်စက် သတ်ဖြတ် စစ်ကောင်စီ စစ်ကြောင်း ရွာထဲဝင်လာလို့ ထွက်ပြေးနေရသည့် ယင်းမာပင်မြို့နယ်တွင်းက ဒေသခံများ။
Citizen Journalist

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၂၃ ရက်နေ့က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ကျေးရွာသားတစ်ဦးကို ခန္ဓာကိုယ်တွေ အပိုင်းပိုင်းဖြတ်ပြီး သတ်ဖြတ်သွားတယ်လို့ ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုက RFA ကိုပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ အသက် ၃၀ အရွယ် မောင်နေထွန်းဆိုသူဖြစ်ပြီး စုန်းချောင်းမြောက်ဘက်က သံပုရာပင်ရုံရွာသား တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကျောက်မှော်၊ ကျောက်ကုန်း၊ အင်းဖက်၊ ပန်းတိမ်ဖျင်နဲ့ စုန်းချောင်းရွာတွေကို ဝင်ရောက်ပြီး နေအိမ်အချို့ကိုလည်း ဖျက်ဆီးခဲ့သလို အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ငါးဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီထဲက လေးဦးပြန်လည်လွတ်မြောက်လာပြီး ကျန်နေတဲ့ တစ်ဦးရဲ့ သတင်းအစအနကို အခုအချိန် အထိ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရွာတွေကို ဝင်ရောက်နေတာကြောင့် ဒေသခံ ကျေးရွာသား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

မောင်နေထွန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်တယ်လို့ ဒေသခံတွေက ပြောကြပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဂုန်ညှင်းရှိုရွာကိုလည်း ဇန်နဝါရီ ၂၂၊ ၂၃ ရက်နေ့တွေမှာ စစ်ကောင်စီ လက်အောက်ခံခြေမြန်တပ်ရင်း ၃၆၃ က ဝင်ရောက်မီးရှို့ ခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။