စစ်ကောင်စီတပ်သား ၂၁ ဦး လက်နက်ချပူးပေါင်းလာကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.01.10
စစ်ကောင်စီတပ်သား ၂၁ ဦး လက်နက်ချပူးပေါင်းလာကြောင်း NUG ထုတ်ပြန် လက်နက်ချပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အမှတ် ၁ စစ်ဒေသမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားစဉ်။
ဓာတ်ပုံ - အမှတ် ၁ စစ်ဒေသ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စစ်ဒေသတွေဆီကို စစ်ကောင်စီဘက်က တပ်သား ၂၁ ဦး လက်နက်တွေနဲ့အတူ ပူးပေါင်းလာတယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်ချက်အရ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လဂွန်းပျိုစခန်းက တပ်သား ၁၆ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီ ၇ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဆီကို လက်နက်ချပူးပေါင်းလာတာဖြစ်ပါတယ်။ အဲဒီစခန်းဟာ ဘီးလင်း-ဖာပွန်လမ်းပေါ်မှာရှိပြီး စစ်ကောင်စီတပ်ရဲ့ ဖာပွန်မြို့နယ်မှာရှိတဲ့ စခန်းတွေကို ထောက်ပံ့ပေးရေးမှာ အဓိကကျတဲ့စခန်းလို့လည်းဆိုပါတယ်။

အလားတူ ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်သားငါးဦး လက်နက်တွေနဲ့အတူ ဝင်ရောက်ပူးပေါင်းလာတယ်လို့ NUG အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ ရှိမ္မကားကျေးရွာမှာ ယာယီအ‌ခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ ခြေမြန်တပ်ရင်း ခမရ-၁၃ က တပ်သားနှစ်ဦးဟာ လက်နက်တွေနဲ့အတူ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ဆောမြို့နယ် မြို့မရဲစခန်းက ရဲတပ်သားတစ်ဦးနဲ့ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ BPI မွေးမြူရေးစခန်းက တပ်သားနှစ်ဦး တို့ လက်နက်တွေနဲ့အတူ ဝင်ရောက်ပူးပေါင်းခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ (၁၄,၇၆၀) နီးပါး ရှိလာပြီလို့ NUG က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂ဝ၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ ရဲ နဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာပါဝင်လာပြီး ဒုဗိုလ်မှူးကြီး ငါးဦး နဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဆီ ပူးပေါင်းသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။