လူငယ်တွေ အတွေးအခေါ်မှားအောင် ဆောင်ရွက်နေတာတွေ ပပျောက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင်ပြော
2025.02.09

ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး လူငယ်တွေ အတွေးအခေါ်အယူအဆမှားစေမဲ့ ဆောင်ရွက်ချက်တွေ လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်း အနုပညာရှင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပတဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်တာပါ။
လူငယ်တွေ အတွေးအခေါ် အယူအဆမှားအောင် ဆောင်ရွက်နေတာတွေဟာ နိုင်ငံအကျိုးပျက်စီးစေနိုင်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အဲဒီလိုဆောင်ရွက်ချက်တွေကို လူမှုကွန်ရက်မီဒီယာတွေနဲ့ ကျင့်ဝတ်မဲ့ မီဒီယာတွေကနေဆောင်ရွက်တာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပေမဲ့ အမည်အတိအကျကိုတော့ ထည့်သွင်းပြောဆိုတာမရှိပါဘူး။
တစ်ဆက်တည်းမှာပဲ နိုင်ငံအကျိုးပြု အနုပညာဖန်တီးမှုတွေကို ဖော်ဆောင်ပေးဖို့ ရုပ်ရှင်၊ အနုပညာရှင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးဟာ အလိုအပ်ဆုံးနဲ့ အဖြစ်သင့်ဆုံး အမျိုးသားရေးတာဝန်ဖြစ်ကြောင်း နိုင်ငံသားအားလုံးက နားလည်လက်ခံဖို့ အထူးလိုအပ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်တက်ရောက်တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို နေတိုးရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုံရွှေရည် ရခဲ့ပါတယ်။
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ အေးချမ်းမောင်က ရခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ခြူးလေးက ရခဲ့ပါတယ်။