စစ်ကောင်စီကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပိတ်ရေး နယူးဇီလန်တရားရုံး မဆုံးဖြတ်
2024.04.16
အာဆီယံ-နယူးဇီလန်ညီလာခံကိုတက်မယ့် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်ဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ နယူးဇီလန် ဗဟိုတရားရုံးက ဆုံးဖြတ်ဖို့ မသင့်တော်ဘူးလို့ ဒီနေ့ပြောဆိုလိုက် ပါတယ်။
“ဒီနေ့ နယူးဇီလန်တရားရုံးက ငြင်းလိုက်တဲ့အကြောင်းပြချက်မှာ ဘာပါလဲဆိုတော့ ကျွန်တော်တို့ ဦးတိုက်လျှောက်ထားမှုထဲက မေးခွန်းတွေဟာ မူဝါဒနဲ့ နိုင်ငံရေးစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အဆင့်မြင့် မေးခွန်းတွေ ပါဝင်နေတဲ့အတွက် တရားရုံးက ဝင်ရောက်စွက်ဖက်ဖို့ တွန့်ဆုတ်နေသင့်တဲ့အမျိုးအစားဖြစ်လို့ ငြင်းပယ်တာလို့ နားလည်ပါတယ်” လို့ တရားရုံးကို လျှောက်ထားသူထဲက ဦးစွမ်းမြိုင်က RFA ကို ပြောပါတယ်။
ဒါပေမဲ့ နယူးဇီလန်ရောက် မြန်မာပြည်သားတွေက ခေါင်းငုံ့မခံဘဲ တရားဝင်ဖိအားပေးတာတွေ ဆက်လုပ်နေကြမယ်လို့လည်း သူက ပြောပါတယ်။
ပုံမှန်ကျင်းပလေ့ရှိတဲ့ အာဆီယံ-နယူးဇီလန်ညီလာခံကို ဝယ်လင်တန်မြို့တော်မှာ ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ အဲဒီညီလာခံမှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို တက်ခွင့်မပြုဖို့၊ တက်ဖို့ လာရင်လည်း ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖို့ နယူးဇီလန်ရောက် မြန်မာနိုင်ငံဖွားတိုင်းရင်းသားတွေနဲ့ နယူးဇီလန် တက်ကြွ လှုပ်ရှားသူတွေက ဧပြီလဆန်းကတည်းက အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းတောင်းဆိုနေတာပါ။
ဒါပေမဲ့ သက်တမ်း ရက်တစ်ရာပဲရှိသေးတဲ့ နယူးဇီလန်အစိုးရသစ်က သူတို့ရဲ့တောင်းဆိုချက်ကို လျစ်လျူရှုနေတဲ့အတွက် Sam Lowery ရှေ့နေအဖွဲ့ရဲ့ အကူအညီနဲ့ ဗဟိုတရားရုံးကို ဦးတည်လျှောက်ထားခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့်တရားရုံးကြားနာပွဲကို ဒီနေ့ ဧပြီ ၁၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ-နယူးဇီလန်ညီလာခံမှာ စစ်ကောင်စီဘက်က စေလွှတ်မယ့်ကိုယ်စားလှယ်ရှိ၊ မရှိဆိုတာကို အာဆီယံနဲ့ နယူးဇီလန်အစိုးရတွေရော စစ်ကောင်စီဘက်ကပါ တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။