မြောက်ပိုင်းညီနောင်သုံးဖွဲ့ ငြိမ်းချမ်းရေးလိုလားကြောင်းပြဖို့ စစ်ခေါင်းဆောင်ပြော
2024.11.06
မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသရင် ဆွေးနွေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) နဲ့ ကူမင်းမြို့မှာတွေ့ဆုံချိန် ပြောကြားခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားရင် စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့အသင့်ရှိကြောင်းနဲ့ ဖြစ်လိုတာကို ရှေ့တန်းတင်မယ့်အစား ဖြစ်သင့်တာကို လုပ်ဆောင်ကြဖို့လည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက ဘယ်အချက်တွေကို တောင်းဆိုတယ်ဆိုတာတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
စစ်ခေါင်းဆောင်ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သလို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဘက်က ပြောဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလော ပြန်လည်မဖြေဆိုသေးပါဘူး။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကတော့ ဟိုင်ဂင်အပစ်ရပ် သဘောတူစာချုပ်ဟာ စစ်ကောင်စီကြောင့် ပျက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" တစ်နှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၃၈ မြို့ကို သိမ်းယူထားပါတယ်။ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ AA နဲ့ TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
တရုတ်အစိုးရပိုင်မီဒီယာမှာတော့ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်းက စစ်ခေါင်းဆောင်ကို ပြောခဲ့တယ်လို့ ဖော်ပြပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ စည်းလုံးညီညွတ်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့ ဆန္ဒရှိတဲ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ပိုမိုမြှင့်တင်ဖို့ ကမ်းလှမ်းခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ တောင်းဆိုလိုက်သလို အွန်လိုင်းလောင်းကစားတွေနဲ့ နည်းပညာအသုံးပြု လိမ်လည်မှုတွေ အပါအဝင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။