တီးတိန်က စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF ဖမ်းဆီး
2023.10.03
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ မှာ တာဝန်ကျတဲ့ စစ်ကောင်စီ ရဲဒုတပ်ကြပ်တစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးကို အောက်တိုဘာလ ၂ ရက် မနေ့ မနက်က ဖမ်းဆီးခဲ့ တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF Zoland) က RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း၊ စည်သူမိုး နဲ့ ချမ်းငြိမ်းကျော် တို့ ဖြစ်ပါတယ်။
စစ်ကောင်စီ ရဲတပ်သားလေးဦးဟာ ကလေး - တီးတိန် - ရိဒ် လမ်းအတိုင်း အိန္ဒိယနယ်စပ် သွားတဲ့ ကုန်တင်ကားတွေဆီကနေ ငွေအဆမတန်တောင်းခံတာကြောင့် ဖမ်းဆီးခဲ့တာလို့ PDF Zoland တာဝန် ရှိသူက RFA ကို ပြောပါတယ်။
"သူတို့က မြို့ပေါ်မှာလည်း သောင်းကျန်းတာမျိုးရှိတယ်။ အဓိကတော့ ကုန်သယ် ကားသမားကို ပိုက်ဆံ အဆမတန် တောင်းတာ။ သူတို့ကို သတိပေးတာ နှစ်ပတ်လောက် ရှိပြီ၊ ထူးမလာတော့ အခုလိုဖမ်းတာ ဖြစ်တယ်"
အဲဒီတပ်သားလေးဦးကို အရပ်ဝတ်နဲ့ တီးတိန်မြို့ထဲ သွားလာနေချိန်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ PDF Zoland တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီရဲတပ်သား ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့် ရသူ ဦးကျော်စိုးဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာ ဖမ်းဆီးထားတဲ့ ရဲတပ်သားလေးဦးကို ဆက်လက်အရေးယူမယ်လို့ PDF Zoland က ပြောပါတယ်။ ဘယ်လို အရေးယူမယ်ဆိုတာ တိတိကျကျ ထုတ်မပြောပါဘူး။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ငါးသောင်းနီးပါး (၄၈,၃၀၀ ဦး) အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က အောက်တိုဘာလ ၂ ရက် မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။