ရေတာရှည်မြို့မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲပြင်းထန်နေ
2023.01.18
ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ် လို့ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၄) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။
တိုက်ပွဲတွေကြောင့် ဒေသခံအချို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပေမယ့် အရေအတွက်နဲ့ အခြေအနေ တိတိကျကျကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဆက်ဖြစ်နေသေးတာကြောင့် အသေးစိတ် ပြောလို့ရမသေးဘူးလို့ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၄) ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ ရန်သူစစ်ကြောင်းနဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေသေးလို့ သေသေချာချာ မပြောနိုင်ပေမယ့် လက်ရှိအထိက တိုက်ပွဲတွေရှိနေသေးတယ်။ တိုက်ပွဲ တွေပြီးတဲ့အခါမှ ထုတ်ပြန်သင့်တာတွေကို ထုတ်ပြန်ပါမယ်။ စစ်ကောင်စီဘက်ကတော့ အကျအဆုံးများတယ်။ အခုထိ သယ်ထုတ်နေရဆဲပဲ”
၁၆ ရက်နေ့ ညနေ ၆ နာရီမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ နဂျပ်တောင်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲတိုက်ခိုက်ခံရသလို ၁၇ ရက်နေ့ မနက် ၅ နာရီခန့် စစ်ကြောင်း ထပ်ထိုးလာတာကြောင့် နဂျပ်ရွာ အရှေ့မြောက်ဘက် ဝက်ပုပ်လမ်း အတက်မှာ တိုက်ပွဲစဖြစ်ခဲ့တာလို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။
မနက် ၁၀ နာရီဝန်းကျင် အဲဒီနေရာအနီးမှာပဲ တိုက်ပွဲဆက်ဖြစ်ခဲ့သလို နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ နဂျပ်-ကွင်းချောင်းလမ်း ကျောက်ပုံကုန်းမှာ တစ်နာရီကြာ တိုက်ပွဲဆက်ဖြစ်ခဲ့ တာလို့ Bago Region PDF က ဆိုပါတယ်။
တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ပွဲတွေအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို တစ်ဦးဒဏ်ရာရရှိခဲ့ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲသုံးကြိမ်အတွင်း စစ်ကောင်စီတပ်က အရာရှိသုံးဦးအပါအဝင် ၄၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူတွေ များတယ်လို့ Bago Region PDF အဖွဲ့က ဇန်နဝါရီလ ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပေ မယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တိုက်ပွဲအခြေနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ စာရင်းအရ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဘေးလွတ်ရာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် ၅၄,၄၀၀ ကျော် ရှိပါတယ်။