စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နိုင်ငံရေးအမြတ်ထုတ်မှုဖြစ်ကြောင်း IEC ပြော

RFA Burmese
2024.09.28
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နိုင်ငံရေးအမြတ်ထုတ်မှုဖြစ်ကြောင်း IEC ပြော စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုဟာ နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၂၈ နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်လိုက်တာနဲ့ ပတ်သက်ပြီး IEC က တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

"ဦးတည်ရာမဲ့ လျှောက်ပြောနေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့အနေနဲ့ ဘာမှကို ဆွေးနွေးစရာ အကြောင်းမရှိဘူး၊ သူတို့ရဲ့ သွေးခွဲမှုအောက်မှာ လက်ခံလို့မရဘူး၊ အခြားတစ်ဖက်လှည့်ပြီးတော့မှ နိုင်ငံတကာကို မျက်လှည့်ပြမဲ့ သန်းခေါင်စာရင်းကိစ္စကို လက်မခံနိုင်ဘူးဆိုတာကို ပြောလိုခြင်း ဖြစ်ပါတယ်"

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် IEC က လက်ခံညှိနှိုင်းမှာ မဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေးကို ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ ကရင်နီပြည်အတွင်း စစ်ကောင်စီရဲ့ မတရား လုပ်ဆောင်မှုတွေကို တားမြစ်သွားမယ်လို့လည်း ဆိုပါတယ်။

တခြားသောပြည်နယ်တွေနဲ့ ဖက်ဒရယ်ယူနစ်တွေအနေနဲ့ လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြဖို့လည်း IEC က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ သန်းခေါင်စာရင်းကောက်ယူဖို့ အားထုတ်လာတာ၊ နိုင်ငံရေးထွက်ပေါက်ရှာလိုတာကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းလာတာ၊ ဒီမိုကရေစီအင်အားစုတွေ အကြား သွေးခွဲဖို့ ရွယ်ချက်နဲ့ အတုအယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြည်သူလူထုက တက်ညီလက်ညီဆန့်ကျင်နေတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ တရားဝင်မှု မရှိတော့ဘူးလို့လည်း IEC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး လူထုထံကနေ အာဏာသိမ်းယူကာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နေတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ပြည်သူလူထု အိုးအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နိုင်ငံအနှံ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပြီး ကလေးနဲ့ အမျိုးသမီးအပါအအဝင် အပြစ်မဲ့ပြည်သူ အမြောက်အမြား ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း IEC က ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားကို သိရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကတော့ နိုင်ငံတကာပြိုင်ဆိုင်မှုတွေကြားမှာ ပြည်တွင်း စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံပါပျောက်သွားတဲ့အထိ အန္တရာယ်ကြီးမားတာကြောင့် ပြည်တွင်းညီညွတ်မှုကို ရှေးရှုပြီး နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာလို့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဒီစစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကလည်း ပြတ်ပြတ်သားသား ငြင်းပယ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။