စစ်ကောင်စီ တပ်သား ၄၃ ယောက် အိန္ဒိယထဲ ထွက်ပြေးပြီး လက်နက်ချ အဖမ်းခံ
2023.11.14
ချင်းပြည်နယ်ထဲ စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၄၃ ယောက် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးပြီး လက်နက်ချ အဖမ်းခံခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ချင်းပြည်နယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ဆီမှာ လက်နက်ချ အဖမ်းခံခဲ့တာလို့ ရဲတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်နက်ချက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံထားရမလား၊ ဒါမှမဟုတ် ပြန်ပို့ရမလား ဆိုတာကို ဗဟိုအစိုးရဆီက ညွှန်ကြားချက် စောင့်နေတယ်လို့ အဲဒီ ရဲတာဝန်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်က ရိခေါ်ဒါရ်မြို့မှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အဲဒီ ရိခေါ်ဒါရ်မြို့ကို ဒေသကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ CNF က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ခုနစ်ဦးဟာလည်း ဒေသကာကွယ်ရေးတပ်တွေဆီ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
မနေ့က တိုက်ပွဲမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒေသခံ ငါးထောင်ကျော်ဟာ အခုအချိန်ထိ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရိခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ CNF ဘက်ကပြောပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီ လေကြောင်းကနေ လာပစ်မှာ စိုးရိမ်သေးတဲ့အတွက် အိမ်မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။