ရေဘေးအတွက် ပြည်ပအကူအညီလိုကြောင်း စစ်ခေါင်းဆောင်ပြော
2024.09.14
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံတဲ့ဒဏ်ခံရတဲ့ တခြားနိုင်ငံတွေနည်းတူ ပြည်ပနိုင်ငံတွေဆီက ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးရအောင် ချိတ်ဆက်လုပ်ကိုင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ပြောလိုက်ပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က ရေဘေးဒဏ်ခံနေရတဲ့ နေပြည်တော်ကောင်စီနယ်မြေထဲက နေရာတချို့ကို သွားရောက်ခဲ့ချိန်မှာ လိုက်ပါလာတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ပြောခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြတာဖြစ်ပါတယ်။
ရေဘေးဒဏ်ခံရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အင်ပြည့်အားပြည့်နဲ့ အမြန်ဆုံးဆောင်ရွက်ဖို့၊ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံးထောက်ပံ့ပေးနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၄ မြို့နယ်က ရေဘေးသင့်သူ နှစ်သိန်းသုံးသောင်းကျော် (၂၃၆,၆၄၉) ရှိပြီး သေဆုံးသူ ၃၃ ဦးရှိပါတယ်။
ရေနစ်မြုပ်တဲ့နေရာတွေမှာ ကူညီကယ်ဆယ်နေတဲ့အဖွဲ့တွေနဲ့ သက်ဆိုင်ရာနယ်မြေတွေက ဒေသခံတွေပြောပြချက်အရ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကြောင့် သေဆုံးသူ နှစ်ရာကျော် ရှိနေပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေသူတွေ၊ ကယ်ဆယ်ရေး မရောက်နိုင်တဲ့ နယ်မြေတွေလည်း ရှိနေတာကြောင့် အသေအပျောက် ဒီ့ထက်များနိုင်တယ်လို့ ကူညီကယ်ဆယ်နေသူတွေက ခန့်မှန်းကြပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၅ ရက်နေ့မှာ ရှမ်း၊ ကယား၊ မန္တလေး၊ ပဲခူးနဲ့ ရန်ကုန်တို့မှာ မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။