စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပါတီနှစ်ခု တည်ထောင်ခွင့်ပြု
2024.08.27
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လူမှုစီးပွားမြှင့်တင်ရေး ပါတီကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ဩဂုတ်လ ၂၇ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပါတီတွေဟာ ပါတီတည်ထောင်ခွင့်ပြုချက်ရရှိတဲ့ ရက်ပေါင်း သုံးဆယ်အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ မှတ်ပုံတင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အခုခွင့်ပြုပေးလိုက်တဲ့ ပါတီနှစ်ခုအပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီကို ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
လာမဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ထား ကြဖို့ ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန် ပြောပါတယ်။
စစ်ကောင်စီကတော့ လာမဲ့ အောက်တိုဘာလမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်နေပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံပါတီတွေကို အတည်ပြုတာနဲ့ ပယ်ချတာတွေလည်း ဆက်တိုက်လုပ်လာပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲပေးမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"၂၀၂၅မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုလည်း ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ ဘယ်လိုမှ မယုံကြည်သလို မဲလည်း ပေးမှာမဟုတ်ပါဘူး"
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ပါတီကိုးခုက တစ်နိုင်ငံလုံး စည်းရုံးမဲ့ပါတီတွေဖြစ်ပြီး ကျန်တဲ့ ပါတီလေးဆယ်ကတော့ တိုင်းနဲ့ပြည်နယ်အဆင့် စည်းရုံးမဲ့ပါတီတွေ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပါတယ်။