ယုံကြည်ချက် မယိမ်းယိုင်ဖို့ တပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင် သတိပေး

RFA Burmese
2024.12.06
ယုံကြည်ချက် မယိမ်းယိုင်ဖို့ တပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင် သတိပေး ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Reuters

အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လုပ်ကြတဲ့ စစ်ကောင်စီတပ်သားတွေရှိနေတာကြောင့် တပ်ဖွဲ့ဝင်တွေ ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးလိုက်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်စစ်တက္ကသိုလ်မှာလုပ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောခဲ့တာပါ။

နိုင်ငံတာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲအောင်နဲ့ စစ်ကောင်စီတပ်ကို ဖြိုခွဲဖို့ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာတွေကို သတိထားဖို့လည်း သူကပြောပါတယ်။

စစ်ခေါင်းဆောင် ပြင်ဦးလွင်က ဗိုလ်လောင်းသင်တန်းဆင်းပွဲကို မနေ့က သွားရောက်စဉ် မြို့တွင်းနဲ့ မြို့အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်ထားပြီး သံချပ်ကာကားတွေနဲ့ပါ လုံခြုံရေးကင်းလှည့်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်မြို့နဲ့ မိုင်နှစ်ဆယ်ခန့်ဝေးတဲ့ ဂန့်ကော်ရွာ၊ ဘန့်ဘွေးရွာနဲ့ အုမ္မသီးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့် နှစ်ဦးအပါအဝင် အရာရှိနဲ့ အခြားအဆင့် စစ်သည်အဆင့် စုစုပေါင်း ၆၁ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်မှာလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေကလည်း ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ အောင်‌ဇေယျစစ်ကြောင်းက တပ်ဖွဲ့ဝင် သုံးဆယ်နီးပါး ပြီးခဲ့တဲ့ရှစ်လအတွင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ အခုလဆန်းပိုင်းမှာ RFA ကိုပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Nay Wun lwin
2024-12-07 06:35

စစ်ကောင်စီလုပ်သမျှ ပြည်သူအများစုက လက်မခံ၍ ပြောချင်ရာပြော ဘယ်သူကမျှ အယုံအရြည်မရှိတော့ပါ။ယုံကြည်မှုမရှိရသူရဲ့စကားဘယ်စစ်သားကမျှ လက်ခံမည်မထင်ပါ။