စစ်ကောင်စီအတွက် လက်နက်ဝယ်ပေးသူလို့ စွပ်စွဲခံရသူ သေနတ်နဲ့အပစ်ခံရ

RFA Burmese
2023.10.03
စစ်ကောင်စီအတွက် လက်နက်ဝယ်ပေးသူလို့ စွပ်စွဲခံရသူ သေနတ်နဲ့အပစ်ခံရ လသာမြို့နယ် အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်အနီးတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ကိုဉာဏ်လွင်အောင်။
Citizen Journalist

ရန်ကုန်တိုင်း၊ လသာမြို့နယ် အနော်ရထာလမ်းနဲ့ ၁၇ လမ်းထိပ်အနီးမှာ အောက်တိုဘာ ၂ ရက် မနေ့ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်အတွက် လက်နက်ဝယ်ပေးနေသူလို့ စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အနီးကပ် လုပ်ကြံပစ်ခတ်ခံရသူကတော့ အသက် ၃၃ နှစ်အရွယ် ကိုဉာဏ်လွင်အောင် ဆိုသူဖြစ်ပြီး၊ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် စစ်လက်နက်ပစ္စည်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအတွက် မျက်နှာတွေကို မှတ်တမ်းတင်နိုင်တဲ့ Facial Recognition CCTV လုံခြုံရေးကင်မရာတွေ တပ်ဆင်ပေးနေသူဖြစ်တယ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Urban Owls အဖွဲ့က ပစ်ခတ်မှု အပြီးမှာပဲ ချက်ချင်း ထုတ်ပြန်ပါတယ်။

ကိုဉာဏ်လွင်အောင် ဟာ နားထင်ကို သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဝဲဘက်နားထင်ကနေ ဖောက်ထွက်ဒဏ်ရာနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ လသာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“မနေ့ည ၁၀ နာရီကျော်လောက်မှာ ဖြစ်တာ။ သေနတ်နဲ့ တေ့ပစ်သွားတာ။ ပစ်ခံရပြီး ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ အဲဒီလို ပစ်ခတ်မှုဖြစ်ပြီး လသာမြို့နယ်ထဲက ၁၇ လမ်းကနေ ၁၉ လမ်းအထိ စစ်တပ်ကားတွေနဲ့ လာပြီး စစ်ဆေးတာ အင်အား အများကြီးပဲ”

လသာမြို့နယ်ဟာ ရန်ကုန်မြို့လယ် လူအစည်ကားဆုံး မြို့နယ်တွေထဲက တစ်ခုဖြစ်ပါ တယ်။

အဲဒီလုပ်ကြံပစ်ခတ်မှုအပြီး ရွှေတိဂုံဘုရားလမ်းတစ်လျှောက်မှာလည်း ရဲနဲ့ စစ်သားတွေက ဖြတ်သန်းသွားလာသူ မှန်သမျှကို တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း နားထင်မှာ သေနတ် ကျည်ဆန် ဖောက်ထွက်ဒဏ်ရာရထားတဲ့ လူနာကို မနေ့ညက ရန်ကုန်ဆေးရုံကြီးထံ အရေးပေါ်ပို့ဆောင်ပေးခဲ့ပေမယ့် သူ သေသလား၊ ရှင်သလားဆိုတဲ့ နောက်ဆက်တွဲ အခြေအနေကို အတိအကျ မသိရဘူးလို့ RFA ကို ပြောပါတယ်။

ဒီကိစ္စ ထပ်မံသိရှိနိုင်ဖို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို RFA က ဆက်သွယ်မေးမြန်း တဲ့အခါ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထူးခွဲစိတ်ဆရာဝန်ကြီးတစ်ဦးက ကိုဉာဏ်လွင်အောင် မနေ့ညက ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံရောက်လာကြောင်း၊ အခြေအနေ စိုးရိမ်ရတဲ့အတွက် အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ပေးနေကြောင်း  RFA ကို အတည်ပြုပြောဆိုပါတယ်။

Urban Owls အဖွဲ့ ထုတ်ပြန်ချက်မှာတော့ ပစ်ခတ်ခံရတဲ့ ကိုဉာဏ်လွင်အောင် ဟာ  ကာကွယ်ရေးဝန်ကြီးဌာန အတွက် စီးပွားရေးလုပ်ကိုင်ပေးနေသူ၊ စစ်ဗိုလ်ချုပ်တွေနဲ့ နီးကပ်သူဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ရုရှားခရီးစဉ်မှာ အတူလိုက်ပါသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လထဲမှာပဲ  ရန်ကုန်တိုင်း စစ်ကောင်စီရုံးကို ဝင်ထွက်သွားလာခဲ့ ကြောင်း ပစ်ခတ်ခံရသူရဲ့  ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြထားပါတယ်။ သူဟာ North Gate Engineering and Technology ကုမ္ပဏီနာမည်နဲ့ မြန်မာ၊ ထိုင်း၊ တရုတ်၊ ရုရှား၊ UAE နိုင်ငံတွေမှာ လုပ်ငန်းခွဲတွေ တည်ထောင်ထားတယ်လို့လည်း ဖော်ပြပါတယ်။

Urban Owls အဖွဲ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကိုဉာဏ်လွင်အောင် လုပ်ကြံပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး North Gate Engineering and Technology ကုမ္ပဏီကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်တဲ့အခါ တစ်စုံတစ်ရာ ပြန်လည်ဖြေဆိုခွင့်မရှိဘူးလို့သာ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။