အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အတင်းအကျပ်စုဆောင်းနေ
2024.08.20
ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ မွန်ပြည်နယ်အတွင်းက အမျိုးသမီးတွေကို စစ်ကောင်စီက အတင်းအကျပ်ဖိအားပေး စုဆောင်းခံနေရတယ်လို့ မွန်ပြည်နယ်တွင်း လူ့အခွင့်အရေး စောင့်ကြည့်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာမှာရှိတဲ့ အမှတ်(၄) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ဖို့ အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေထဲ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေရဲ့ စာရင်းတွေ ကောက်ယူပြီး ဩဂုတ်လအတွင်းမှာ သင်တန်းပို့ဆောင်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဆိုပါတယ်။
အမျိုးသားတွေသာမက အမျိုးသမီးငယ်တွေကို စာရင်းကောက်ပြီး သင်တန်းပို့ဆောင်နေတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။
“လက်နက်ကိုင်ယန္တရားထဲမှာ အလိုမတူဘဲနဲ့ အတင်းအကျပ်သွင်းတဲ့ကိစ္စဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုအကြီးကြီးပါပဲ။ ဘယ်လောက်ပဲ သူတို့ဥပဒေပြဌာန်းတယ်ထားအုံးတော့ သူတို့ရည်ရွယ်ရင်းက အချင်းချင်းတိုက်ခိုက်ရေးမှာအသုံးပြုဖို့၊ လူငယ်တွေကိုအန္တရာယ်ရှိတဲ့ လုပ်ငန်းတာဝန်တွေပေးတဲ့ စစ်မျက်နှာပြင်ကိုပို့တဲ့ကိစ္စတွေ ဆန္ဒမပါဘဲ အတင်းအကျပ်ဖြစ်တာကျတော့ လူ့အခွင့်အရေးနဲ့သွေဖယ်တာလို့ မြင်တယ်”
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့စစ်တမ်းအရ မွန်ပြည်နယ် ဆယ်မြို့နယ်သာမက ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက လူငယ်အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ စုဆောင်းခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်သားစုဆောင်းတာတွေကို အရှိန်မြှင့်လာနေတဲ့အတွက် အမျိုးသမီးငယ်အများစုဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မွန်ပြည်နယ်ဒေသခံတွေထံက သိရပါတယ်။
စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်သတ်မှတ်ချက်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) ကစပြီးခေါ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်အပြီး နိုင်ငံတဝန်းက မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စာရင်းကောက်ယူနေပါတယ်။