ကျန်းမာရေးဝန်ကြီးဌာန NLD ကို ကူညီမည်
2010.12.24
မဖြူဖြူသင်းတို့ ဆောင်ရွက်နေတာတွေကို အတတ်နိုင်ဆုံး ကူညီဖို့ ကျန်းမာရေးဝန်ကြီးက ရန်ကုန်တိုင်း ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာလှမြင့်ကို ဒီကနေ့မနက် ညွှန်ကြားသွားတဲ့အကြောင်း ဒေါက်တာလှမြင့်က ကိုရာဇာကို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။
ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေဟာ ပဏာမအဆင့်သာ ရှိသေးတယ်လို့ ကိုရာဇာက ပြောပါတယ်။ အခုလို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာဟာ အတိုက်အခံနဲ့ အစိုးရတို့အကြား တတိယ အင်အားစုအဖြစ် ရှိနေတဲ့ ဝေဒနာသည်တွေ၊ ပညာရေးပိုင်းမှာ ကျောင်းသားတွေ စတဲ့ ကြားလူတွေအတွက် အကျိုး ဖြစ်ထွန်းစေလိုတဲ့ဆန္ဒ ရှိတဲ့အတွက် Humanitarian Dialogue ခေါ် လူသားချင်း စာနာမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်တခု ဖြစ်တဲ့ HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေးကို မဖြူဖြူသင်း၊ ကိုရာဇာတို့က ဆောင်ရွက်နေပြီး၊ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း အာဏာပိုင်တွေရဲ့ နည်းမျိုးစုံ နှောက်ယှက်မှုနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိကာလထိ တောင်ဒဂုံမြို့နယ်က HIV/AIDS ဝေဒနာသည် စောင့်ရှောက်ရေးဂေဟာမှာ အနယ်နယ် အရပ်ရပ်က လူနာတွေကို လက်ခံပြီး အကူအညီ ပေးနေဆဲ ဖြစ်ပါတယ်။