စစ်ကောင်စီတပ်ကြောင့် ကန့်ဘလူဒေသခံခြောက်ထောင်ကျော် ထွက်ပြေး

RFA Burmese
2023.09.09
စစ်ကောင်စီတပ်ကြောင့် ကန့်ဘလူဒေသခံခြောက်ထောင်ကျော် ထွက်ပြေး ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်က ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေပါတဲ့ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ခြောက်ထောင်ကျော် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ထန်းကုန်းတိုက်နယ်အတွင်းက တောင်တည်းကုန်းရွာကို ညောင်ဇင်လေးရွာ ပျူစောထီးအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းဝင်ရောက်လာပြီး ရွာတွေကို မီးရှို့နေတာကြောင့် ထွက်ပြေးနေကြရတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"ညောင်ဇင်လေးရွာကထွက်လာတဲ့ စစ်ကြောင်းဟာ မနက် ကိုးနာရီလောက်မှာ တောင်တည်းကုန်းရွာကို ဝင်ပြီး မီးရှို့တယ်၊ ညောင်ဇင်ကြီးကျေးရွာကို သွားကြတယ်၊ ခုထိလည်း အဲ့မှာရှိတုန်းပဲလို့ သိရတယ်၊ ထွက်ပြေးတာကတော့ ၁၂ ရွာလောက်ရှိတယ်။ လူဦးရေက ခြောက်ထောင်ကျော် ရှိတယ်၊ မီးရှိုခံရတဲ့ အိမ်အရေအတွက် ဘယ်လောက်ဆိုတာ မသိရသေးဘူး"

ဒီစစ်ကြောင်းဝင်လာတာကြောင့် တောင့်တည်းကုန်း၊ သိုးဘိုး၊ ကိုးမြို့၊ ဖလံချိုင်၊ ညောင်ဇင်ကြီး၊ သရက်ခေါင်း၊ မင်းကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည် စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေ မိုးထဲ ရေထဲထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေပါတဲ့ အဲဒီစစ်ကြောင်းဟာ ဩဂုတ်လကုန်ကတည်းက ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်တွေမှာ လှည်ပတ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့လည်း ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။