ကချင်ပြည်နယ် မိုးမောက်မြို့အနီးမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2024.07.31
ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ KIO သတင်းနဲ့ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မိုးမောက်မှာ တိုက်ပွဲကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ၄၃၇ ဘက်မှာ မြေပြင်ရော၊ လေကြောင်းရော၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေက အစ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ မံစီမြို့မှာဘက်မှာလည်းရှိတယ်”
ခြေမြန်တပ်ရင်း ခမရ (၄၃၇) ဟာ မိုးမောက်မြို့က တစ်ခုတည်းကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်ပြီး ဗန်းမော်မှာ အခြေစိုက်တဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ် (စကခ ၂၁)ရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ တပ်စခန်းလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးမောက်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ် ခမရ (၄၃၇) ကို ဇူလိုင် ၂၄ ရက်နေ့ကစတင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
မိုးမောက်မြို့က အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်က မြို့ရှစ်မြို့ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။