ကချင်မှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်နှစ်အတွင်း တိုက်ပွဲ ၁၁၂၅ ကြိမ်ဖြစ်ခဲ့

RFA Burmese
2023.01.31
ကချင်မှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်နှစ်အတွင်း တိုက်ပွဲ ၁၁၂၅ ကြိမ်ဖြစ်ခဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား‌ တွေ့ရစဉ်။
Kachin Waves

အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပေါင်း (၁၁၂၅) ကြိမ် ဖြစ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ (၆၂၁) ကြိမ်နဲ့ ၂၀၂၂ ခုနှစ်မှာ (၅၀၄) ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

၂၀၂၃ ခုနှစ်အတွင်းမှာလည်း တိုက်ပွဲတွေ ပိုဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက် ၂၀၂၂ အထိ တိုက်ပွဲဖြစ်တာ (၁၁၂၅) ကြိမ်အထိရှိတယ်။ ၂၀၂၃ ကချင်ပြည်နယ်တိုက်ပွဲ ပိုပြင်းထန်မလားဆိုတာကိုတော့ သီးခြားပြောလို့မရဘူး။ ကျနော်တို့ အားလုံးက သိထားရမယ့် ဟာက ၂၀၂၃ မှာ စကစရွေးကောက်ပွဲလုပ်မယ်။ NUG က အနှောင့်အယှက်ပေးဖို့ ကြေညာထားတယ်။ KIO ကလည်း ရွေးကောက်ပွဲ လက်မခံဘူးဆိုတော့ တိုက်ပွဲကတော့ ဖြစ်နိုင်ခြေများတယ်လို့ ခန့်မှန်းပြောလို့ရပါတယ်”

အာဏာသိမ်းပြီးနောက်ပိုင်း KIO အနေနဲ့ စစ်ကောင်စီနဲ့ ပြောဆိုဆက်ဆံတာမရှိသလို နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းလာရင်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးနွေးနွေးပွဲ ဖြစ်လာမှာမဟုတ်တဲ့အတွက် အခုအချိန်မှာ တော့ လက်ခံဖို့မရှိဘူးလို့လည်း ဆိုပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက ပြုလုပ်တဲ့ တော်လှန်ရေး နှစ်နှစ်ပြည့်အခမ်းအနားကို KIO က ဇန်နဝါရီလ ၂၉ ရက်နေ့မှာပေးပို့တဲ့ သဝဏ်လွှာမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူအားလုံး ရဲရဲရင့်ရင့် ခရီးဆက်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အလောဘွမ်(ALAW Bum) တပ်စခန်းကို KIA က ပြန်လည်သိမ်းယူခဲ့တဲ့ တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ညကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနန့်ပါမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် KIO အမှုထမ်းတွေနဲ့ ဒေသခံပြည်သူ ၇၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။