ကချင်အထူးဒေသ (၁) က နောက်ဆုံးကျန်နေတဲ့ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်
2024.11.01
ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ (၁) ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အမှတ်-၁၀၀၁ နယ်ခြားစောင့်တပ်ရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ဂမ်ခွန်းရွာမှာရှိတဲ့ အဲဒီနယ်ခြားစောင့်တပ်စခန်းကို အောက်တိုဘာ ၃၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့ညနေမှာ သိမ်းယူနိုင်ခဲ့တာ KIA သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်တာက ၃၀ ရက်နေ့က တိုက်တာ၊ မနေ့က ညနေပိုင်းက သိမ်းပြီးပြီ။ အခုတော့ ရှင်းလင်းရေးတွေ လုပ်နေတယ်”
အဲဒီတပ်စခန်းဟာ တရုတ်-မြန်မာနပ်စပ် ဖီမော်ရွာကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဆက်သွယ်ရတဲ့ခက်တဲ့ ဒေသဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်နေတဲ့အကြောင်းပဲသိရပြီး စခန်းသိမ်းတဲ့ အခြေအနေကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ပန်ဝါမြို့အနီးမှာရှိတဲ့ အမှတ်-၁၀၀၂ နဲ့ ကန်ပိုက်တီမြို့အနီးက အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်ရင်းတွေကိုလည်း KIA က အောက်တိုဘာလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့ မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။