မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာ
2025.01.09

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ် မြစ်ဆုံဒေသမှာ စက်ယန္တရားတွေသုံးပြီး ရွှေအလွန်အကျွံ တူးဖော်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတယ်လို ဒေသခံတွေက ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ရွှေတူးဖော်မှုတွေ ရှိနေပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ရွှေတူးဖော်မှုကို အလွန်အကျွံပြုလုပ်လာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြစ်ဆုံမှာက ရွှေတူးတာက အကြီးအကျယ်ပဲ။ ကတ်သလစ် ဘုရားကျောင်းအောက်က ကော်ဖီခြံဘက်မှာလည်း တူးတယ်။ လယ်တောဘက်မှာလည်း တူးတယ်။ အရင်က တန်ဖရဲရွာကတော့ ကုန်သလောက် ရှိနေပြီ။ ဖမ်းဆီး၊ အရေးယူတာလည်း မရှိဘူး။ မြစ်ဆုံအောက်ဘက်မှာ တစ်ပိုင်တစ်နိုင် လုပ်တဲ့သူတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးတာတွေရှိတယ်”
တန်ဖရဲရွာမှာ စွန့်ပစ်ထားတဲ့ ရွှေတူးဖော်ရေး ကျင်းဟောင်းတွေလည်း ရှိနေပြီး အလွန်အကျွံ တူးဖော်မှုတွေ ဆက်ရှိနေရင် ကျေးရွာ ပျက်စီးသွားတော့မဲ့ အခြေအနေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် တန်ဖရဲ၊ လဖျဲ့ ရွာတွေက ရွာသား နှစ်ထောင်ခန့်ဟာ အောင်မြင်သာနဲ့ မလိယာန် ရွာတွေဘက်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာပါ။
မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။