ကချင်မှာ စစ်ကောင်စီတပ်စခန်း ၂၂၀ ကျော် KIA သိမ်းထား
2024.10.04
ကချင်ပြည်နယ်မှာ မတ်လဆန်းကစတဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၂၂ဝ ကျော်ကို သိမ်းယူထားတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တာဝန်ရှိသူတွေက ပြောပါတယ်။
ချီဖွေမြို့နယ်က ချီဖွေ - ပန်ဝါလမ်းပိုင်းမှာရှိတဲ့ ၁၁ မိုင် ပြည်သူ့စစ်စခန်းကို အောက်တိုဘာ ၃ ရက်နေ့က သိမ်းယူလိုက်ပြီး အခုဆိုရင် တပ်စခန်း ၂၂၀ ကျော်အထိ သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"မနေ့က ချီဖွေကနေ ၁၁ မိုင်ဂိတ်စခန်းသိမ်းတာတော့ရှိပါတယ်၊ ပြည်သူ့စစ်စခန်းဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ ဒီနေ့(အောက်တိုဘာ ၄ရက်) အထိဆိုရင်တော့ စခန်းကြီး၊ စခန်းငယ်၊ ကာကင်း အားလုံးပေါင်းလိုက်ရင် ၂၂၀ ကျော် ရှိပါပြီ"
အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေရှားသတ္တုထွက်တဲ့ ဆော့လော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့သလို စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကချင်အထူးဒေသ (၁) ထဲက ချီဖွေမြို့ကို ထိန်းချုပ်ထားပြီလို့ KIA နဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ဆွမ်ပရာဘွမ် ၊ ချီဖွေ၊ ဆော့လော် စတဲ့ မြို့ ဆယ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။ ကချင်ပြည်နယ်တွင်း စစ်ရေးအခြေအနေနဲ့ တပ်စခန်းတွေအသိမ်းခံရတဲ့ အခြေအနေကို သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တိုက်ပွဲ ကိုးလအတွင်း ကချင်ပြည်နယ်က မြို့ခုနစ်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁၂၄ ဦး သေဆုံးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ကချင်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း သုံးသောင်းကျော်ရှိခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်သိန်းခွဲခန့် ထပ်တိုးလာတာကြောင့် လက်ရှိ စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။